မြစ်သဲကျောက်ထုတ်ယူမှု‌

October 5, 2019

သံလွင်မြစ်အတွင်း စည်းကမ်းမဲ့ မြစ်သဲကျောက်ထုတ်ယူမှု‌ စိစစ်ပေးရန် တောင်းဆို

သံလွင်မြစ်အတွင်း စည်းကမ်းမဲ့ မြစ်သဲကျောက် စုပ်ယူနေမှုတွေ‌‌ကြောင့် မြစ်ထိန်းကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မြစ်သဲကျောက် စုပ်ယူ လုပ်ကိုင်နေတာတွေကို ပြန်လည်စိစစ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာအောင် ချပြပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာမှာ မြစ်ကမ်းပါး‌ပြိုကျမှု‌ကြောင့် ကမ်းထိန်းနံရံ‌တွေ ပြိုကျခဲ့တဲ့အပြင် လူနေအိမ်တချို့ပါ ရွှေ့ပြောင်းဖယ်ရှားခဲ့ရတာတွေ ရှိ‌ခဲ့တဲ့အတွက် အခုလို တောင်းဆိုနေကြတာပါ။ သံလွင်မြစ်အတွင်း စည်းကမ်းမဲ့ မြစ်သဲကျောက် စုပ်ယူနေမှုတွအပြင် ရေလမ်းကြောင်း ပြောင်းလဲမှုနဲ့ မိုးသည်းထန်းစွာ ရွာသွန်းမှုတွေကြောင့် နှစ်စဉ် မြစ်ကမ်းပါးပြိုကျမှုတွေနဲ့ ကြုံတွေ့နေရတာပါ။ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာနေ မစုတာက “ဘယ်နေရာတွေကတော့ဖြစ် မြစ်သဲကျောက်စုပ်ခွင့်ပြုထာ‌ေတယ်။ ဘယ်နေရာကတော့ဖြစ် ဒီကျေးရွာကို ထိခိုက်နိုင်တဲ့ အနေအထားရှိလို စုပ်ခွင့်မပြုထားဘူးဆိုတဲ့ အပိုင်းလေးတွေကို ပွင့်လင်းမြင်သာစွာနဲ့ ‌ဒေသခံတွေကို ချပြစေချင်တယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းလင်းက “ကျနော်တို့က မျှခြေဖြစ်အောင် အကုန်လုံး တွက်ချက်တယ်။ တကယ်တမ်း လုပ်တဲ့အခါကျမှသာ ဒီစုပ်တဲ့လှေတွေက ရေမရှိတော့ဘူးဆိုရင် ကမ်းကပ်ပြီး စုပ်တာတို့ ရှိတာပေါ့”လို့ ပြောပါတယ်။ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ(ရွာသစ်၃)၊ ကိုရွှေလှအောင်က ”ကျနော့်အနေနဲ့ ပြောရရင် သဘာဝဘေးအန္တရာယ်လည်း ပါတယ်။ လူတွေ လုပ်တာလည်း ပါတယ်။ လူတွေကြောင့် ဆိုရင် မြစ်ကမ်းနဲ့ နီးတဲ့နေရာမှာ ခဲ၊ သဲ၊ စုပ်လို့” လို့ ပြောပါတယ်။ ရွှေဂွန်းကျေးရွာ မြစ်ကမ်းထိန်းနံရံ တည်ဆောက်ရေးအတွက် ကရင်ပြည်နယ်အစိုးရက ၂၀၁၆ ဘဏ္ဍာနှစ်မှာ ပေ ၂၀၀ နဲ့ ၂၀၁၇ ဘဏ္ဍာနှစ်မှာ ပေ ၃၈၀ ကို တည်ဆောက်ပေးခဲ့ပါတယ်။ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီဌာနက ထိခိုက် ပျက်စီးမှု‌‌တွေအတွက် ထောက်ပံ့မှုတွေရှိပေမယ့် ပြေင်းရွှေ့ခဲ့ရတဲ့ လူနေအိမ် ၆ လုံးအတွက် သက်ဆိုင်ရာက မြေနေရာ စီစဉ်ဆောင်ရွက်ပေးတာတွေ မရှိဘူးလို့လည်း ပြော‌င်းရွှေ့ခဲ့ရသူတွေက ပြောပါတယ်။ မြစ်ကမ်းပါး ပြိုကျမှုတွေအတွက် မြစ်ထိန်းနံရံတည်ဆောက်ရေး အခုနှစ်ဘတ်ဂျက်မှာ တင်ပြတောင်းခံထားတာ မရှိပေမယ့် ပိုမိုဆိုးဝါးမှုမရှိအောင် ပြည်နယ်အစိုးရထံ တင်ပြပြီး ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ရဲမင်းခေါင်
2 years Ago
Up