မြစ်ရေလျှံ

October 10, 2022

ဗင်နီဇွဲလားတွင် မိုးသည်းထန် မြစ်ရေလျှံပြီး လူ ၂၀ ကျော်သေဆုံး၊ ၅၀ ကျော်ပျောက်ဆုံးနေ

ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်ပြီး မြစ်ငယ်ငါးစင်း ရေလျှံခဲ့လို့ လူ ၂၂ ဦး ထက်မနည်း သေဆုံးကာ ၅၂ ဦး ပျောက်နေတယ်လို့ ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီရိုဒရီဂက်ဇ်က အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။

စနေနေ့ညက မိုးရွာလို့ မြို့တော် ကာရာကတ်စ်ရဲ့ အနောက်တောင်ဘက် မိုင် ၄၀ အကွာ တောင်တန်းတွေက သစ်ပင်ကြီးတွေနဲ့ အပျက်အစီးတွေ မျောပါခဲ့တာပါ။

စီးပွားရေးလုပ်ငန်းတွေနဲ့ လယ်ယာမြေတွေ ပျက်စီးခဲ့တယ်လို့ ရိုဒရီဂက်ဇ်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

မြို့အနှံ့ ရွှံ့နွံကျောက်တုံးတွေအောက်မှာ ပိတ်မိနေတဲ့လူတွေကို ဦးစားပေးအနေနဲ့ ရှာဖွေဖို့ဖြစ်ပြီး တပ်မတော်နဲ့ ကယ်ဆယ်ရေးသမားတွေကလည်း အသက်ရှင်ကျန်ရစ်သူတွေကို မြစ်ကမ်းပါးတွေမှာ ရှာဖွေနေတယ်လို့ ဒုတိယသမ္မတက ပြောပါတယ်။

ရေကြီးနေတဲ့ မြစ်တွေထဲက တခုဖြစ်တဲ့ အယ်လ်ပါတိုမြစ်ကြောင့် အိမ်တွေ ဈေးဆိုင်တွေနဲ့ သားသတ်ရုံအများအပြား မျောပါသွားခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် အယောက် ၁၀၀၀ က ဒေသတွင်း ဒုက္ခသည်တွေကို ရှာနေတယ်လို့ နိုင်ငံရဲ့ အရပ်ဘက်ကာကွယ်ရေးစနစ်ဆိုင်ရာ လက်ထောက်ဝန်ကြီး ကားလို့စ် ပီရက်ဇ်က တနင်္ဂနွေနေ့မှာ တွစ်တာလူမှုကွန်ယက်ကနေ ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ရေကြီးမြေပြိုတာတွေ ကြုံတွေ့နေရတဲ့ လာနီနာ ရာသီဥတုပုံစံကြောင့် မကြာသေးမီ သီတင်းပတ်တွေအတွင်း စုစုပေါင်း ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

6 months Ago

October 3, 2022

ချင်းမိုင်တွင် မြစ်ရေလျှံပြီး ရေကြီးနေ

ထိုင်းနိုင်ငံဒုတိယမြို့တော် ချင်းမိုင်မြို့မှာ  မိုးအဆက်မပြတ်ရွာသွန်းတဲ့နောက် မြို့ထဲကို ဖြတ်သန်းစီးဆင်းနေတဲ့ မယ့်ပင်းမြစ်ရေဟာ  အောက်တိုဘာ ၃ ရက်နေ့မှာ  စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး  ကမ်းနှစ်ဘက်ကို လျှံကျပြီး မြစ်ရေကြီးနေပါတယ်။ 

ဒါကြောင့် အနီးနားရပ်ကွက်တွေထဲမှာ မူလက မိုးရွာလို့ရေဝပ်တာနဲ့ မြစ်ထဲကလျှံကျလာတဲ့ ရေတွေ ၊ နောက်ထပ်ရွာနေတဲ့ မိုးရေတွေစုပေါင်းပြီး ရေကြီးမှုဒဏ်ခံနေရပါတယ်။ 

မွန်းတည့် ၁၂ နာရီက နဝရတ်တံတားအနီးရှိ မြစ်ရေတိုင်းတာမှုတိုင်မှာ စိုးရိမ်ရေမှတ် ၃ ဒသမ ၇ မီတာထက်ကို ကျော်လွန်ပြီး ရေအမြင့် ၄ ဒသမ ၆၀ မီတာထိကို ရောက်နေပြီ ဖြစ်ပါတယ်။ 

ဒါကြောင့် မယ့်ပင်းမြစ်အရှေ့ဘက်ကမ်းရှိ ချင်းမိုင် - လမ်းပွန်းသွား ကားလမ်းမကြီးနဲ့ ကာဝိလ စစ်တပ်ရှေ့၊  မယ့်ပင်းမြစ်အနောက်ဘက်ကမ်းရှိ တလတ်မိန်းမိုင် လက္ကားကုန်စိမ်းဈေး၊ ဝါရာလုတ်ဈေးကြီး၊ ချင်းမိုင်စာတိုက်ကြီး၊ စာသင်ကျောင်းတွေ၊ ကျရွန်းပရထစ်လမ်းမကြီးရှိ ဖရဟလိထိုင်း၊ ရီဂျင်းနား၊ ချန့်ခလန်းလမ်းမကြီး စတဲ့နေရာတွေမှာ ရေတွေ ခါးလောက်ထိမြင့် တက်နေပါတယ်။

မယ့်ပင်းမြစ်အနီး ဆီဝိန်းဖင်းတံတားအောက်၊ ပါဒက်တံတားအောက်နဲ့ ဆီဒွန်းချိုင်း လမ်းမပေါ်ရှိ အမှတ် ၅ ခရိုင်ရဲစခန်းရှေ့က U Turn အကွေ့ချိုးနေရာတွေမှာလည်း ရေတွေပြည့်နေလို့ အဆိုပါနေရာတွေကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ သက်ဆိုင်ရာက သတိပေးထုတ်ပြန်ထားပါတယ်။ 

ချင်းမိုင်မြို့ထဲမှာ ခုလိုရေကြီးနေသလို ချင်းမိုင်ခရိုင် ဟန်ဒုန်း၊ ဆမိုင်း၊ ဆန်ပါတောင်း၊ စွမ်ထောင်းန်၊ ဟော့တ်၊ မယ့်လိမ်း၊ မယ့်တိုင်၊ ဖန်စတဲ့မြို့နယ်တွေမှာလည်း ရေကြီးတာနဲ့ တောင်ကျချောင်းရေကျတာတွေ ဖြစ်ပေါ်နေပါတယ်။ 

Ref- ChiangMaiNews

6 months Ago
More News
Up