မြစ်ကြီးနားဘူတာ

January 26, 2021

ဆိုင်ကယ်ကယ်ရီ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ပြီးနောက် မြစ်ကြီးနားဘူတာ၌ အသွားအလာကန့်သတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားဘူတာမှာ ခရီးသည်တင်ပြေးဆွဲနေတဲ့ ဆိုင်ကယ် ကယ်ရီသမား တစ်ယောက်   ကိုဗစ်-၁၉  ရောဂါပိုး တွေ့ရှိရတဲ့အတွက် ဇန်နဝါရီ ၂၅ ရက်နေ့က  ဘူတာရုံအတွင်း အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။

ဘူတာရုံအတွင်း  ခရီးသည်တင်ပြေးဆွဲတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေအထဲက  တစ်ယောက်  အနံ့ ပျောက်တဲ့အတွက် ဆေးရုံပို့ဆောင် စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် မြစ်ကြီးနားဘူတာကို အသွားအလာ ကန့်သတ်လိုက်တာဖြစ်ကြောင်း မြစ်ကြီးနားဘူတာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ် ဦးခင်သော်က “ဘူတာထဲကို ကယ်ရီသမားတွေကိုတော့ လုံးဝ အဝင်မခံတော့ဘူး။ ခရီးသည်နဲ့ ဌာနဆိုင်ရာတွေ လုပ်ငန်းကိစ္စနဲ့လာတဲ့သူတွေ ဝင်လို့ထွက်လို့ ရပါတယ်။ ကယ်ရီသမားတွေက အုပ်စုဖွဲ့ပြီးနေတာဆိုတော့ သူတို့အထဲမှာလည်း ဘယ်လောက် ကူးစက်ပြီးပြီလဲ မသိဘူး။ အဲ့ဒီ အတွက်  ကယ်ရီသမားတွေကို ဝန်ထမ်းတွေ ခရီးသည်တွေနဲ့ ထိစပ်မှု မရှိအောင် အသွားအလာ ကန့်သတ်လိုက်တာပါ။ Lockdown ချတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ 

မြစ်ကြီးနားဘူတာမှာ ရထားကို ပုံမှန်အတိုင်း ပြေးဆွဲကာ ကိုဗစ်-၁၉  စည်းကမ်းချက်တွေနဲ့ အညီ ခရီးသည်တွေကို နှစ်ခုံကို တစ်ယောက်နှုန်းနဲ့ ၆၂ ယောက်စီး  တွဲတစ်တွဲကို ၃၁ ယောက်သာ  mask တပ်ဆင် စီးနင်းစေပါတယ်။

ဒါ့အပြင်  သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာတွေက ဘူတာအတွင်းရထား ဆိုက်ကပ်ချိန် ခရီးသွားရာဇဝင် ကောက်ယူတာ၊  ကွာရန်တင်းသွင်းတာတွေ ပြုလုပ်နေတယ်လို့ မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ်ထံက သိရပါတယ်။ 

သတင်း - ထူးထူး(ဘိုကလေး)

9 months Ago
Up