မြစ်ကြီးနားတက္ကသိုလ်

April 21, 2021

မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ယာယီဥက္ကဋ္ဌ ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုမျိုးထက်နိုင်လင်းကို ဧပြီ ၂၁ ရက် ဒီနေ့မနက်  ရှမ်းစုတောင်ရပ်ကွက်ရှိ နေအိမ်မှာ ရဲနဲ့ စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သမဂ္ဂရဲ့တာဝန်ရှိသူတစ်ဦးက “ မနက် ၆ နာရီခွဲမှာ အရပ်ဝတ်ကော၊ ရဲရော၊ စစ်သားရောပါတယ်။ အိမ်စီးကားရောပါတယ်လို့ကြားတယ်။ အိမ်ကိုလာဝိုင်းပြီးမှ ဖမ်းသွားတာပါ”လို့ပြောပါတယ်။

လက်ရှိ ကိုမျိုးထက်နိုင်လင်းကို စစ်တပ်က ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ အခုအချိန်ထိမသိရသေးဘဲ မိသားစုနဲ့လည်း အဆက်အသွယ်မရသေးပါဘူး။ 

ကိုမျိုးထက်နိုင်လင်းဟာ မြစ်ကြီးနားတက္ကသိုလ်မှာ  သမိုင်းဂုဏ်ထူးတန်း ဒုတိယနှစ်တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများသမဂ္ဂဟာလည်း စစ်အာဏာရှင်စနစ်ကိုလက်မခံဘဲ ကန့်ကွက်ဆန္ဒပြနေတဲ့  အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ 

8 months Ago

March 7, 2021

မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း CDM ဆရာဆရာမများအား ဝန်းရံသူများကို ပစ်ခတ်ဖြိုခွင်း

မတ် ၆ ရက်နေ့ ညနေက စီတာပူရပ်ကွက်က မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းက ရဲနဲ့ စစ်တပ်က လုံခြုံရေးယူထားရာမှာ CDM ဆရာ၊ ဆရာမတွေကို လာရောက်ဝန်းရံသူ များပြားလာတာကြောင့် သေနတ်ပစ်ဖောက်ပြီး အသံဗုံးနဲ့ ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့တာကြောင့် အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကနေ သိရပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ မတ် ၆ ရက်နေ့ ညနေက မြစ်ကြီးနားတက္ကသိုလ်ရှေ့မှာ စာကပ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် CDM မလုပ်ဘဲ ပုံမှန် ရုံးတက်နေသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်အ၀ တာဝန်ယူသွားမယ်ဆိုပြီး စာမှာ ရေးသားထားပါတယ်။

မြစ်ကြီးနားမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေဆေးရုံကြီးကိုလည်း ညနေပိုင်းမှာပဲ စစ်ကား၊ ရဲကား၊ အချုပ်ကားတွေ ၁၂ စီးလောက်နဲ့ ဝိုင်းထားကာ ဆေးရုံအုပ်ကြီး ရုံးခန်းကို ဝင်ရောက်သွားကြတယ်လို့ သိရပြီး ညနေ ၆ နာရီလောက်မှာ ဆေးရုံကြီးကနေ ထွက်ခွာသွားကြပါတယ်။

9 months Ago
Up