မြစ်ကမ်းပါပြိုကျ

A d v e r t i s e m e n t With Us

June 4, 2020

ညောင်တုန်းတွင် မြစ်ကမ်းပါပြိုကျသဖြင့် နေအိမ် ၃ လုံး အရေးပေါ်ရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ညောင်တုန်းမြိုနယ်၊ ရန်ကင်းစံကျေးရွာအုပ်စု၊ ရန်ကင်းစံရာ (အနောက်ကျွန်း) ကျေးရွာမှာ ဇွန် ၃ ရက် ညနေပိုင်းက ကမ်းပါးပြိုကျခဲ့တာကြောင့် လူနေအိမ် ၃ လုံးကို အရေးပေါ်ရွှေ့ပြောင်းပေးထားရပါတယ်။‌ ကမ်းပါးပြိုကျတဲ့နေရာမှာ လူနေအိမ်တွေနဲ့ တဖြည်းဖြည်းနီးစပ်လာတာကြောင့် လူနေအိမ် ၃ လုံးကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရတာဖြစ်ပြီး လူဦးရေ ၁၂ ဦးအတွက် ထောက်ပံ့ ပေးထားတယ်လို့ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မင်းစံက ပြောပါတယ်။ "ဖြစ်တာက ၂ ရက်နေ့က စဖြစ်တာပါ။ တဖြည်းဖြည်းလူနေအိမ်တွေနဲ့ နီးလာတာကြောင့် အန္တရာယ်ရှိနိုင်တယ်။ နေအိမ် ၃ လုံးကြိုပြီးရွှေ့ပြောင်းတာပါ။ လောလောဆယ် ရွာထဲက သူတို့ရဲ့ ဆွေမျိုးတွေနေအိမ်ကို ရွှေ့ပြောင်းပေးထားပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေ့ပြောင်းပေးခဲ့ပါတယ်။" မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၃ လုံးက မိသားစုဝင် ၃ စု၊ လူဦးရေ ၁၂ ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာ ၂၅၂၀၀ ကျပ်နဲ့ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ ၃၀၀၀၀၀ ကျပ် စုစုပေါင်း ၃၂၅၀၀၀ ကျပ်ကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်းပြီး ဇွန် ၃ ရက်နေ့မှာ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ကျေးရွာရဲ့ ကမ်းခြေအကျယ် ၇၅ ပေ၊ အလျား ၁၅၀ ပေခန့် မြစ်အတွင်းပြိုကျသွားပြီးနောက် အန္တရာယ်ရှိတဲ့ နေအိမ် ၃ လုံးကို အရေးပေါ်ရွှေ့ပြောင်းတာတွေ ပြုလုပ်ပေးခဲ့ပြီး နေအိမ် ၉ လုံးကို သတိပေးထားတယ်လို့ ညောင်တုန်းမြို့နယ် အမှတ် ၂ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောပါတယ်။ "ပန်းလှိုင်မြစ်နဲ့ ဧရာဝတီမြစ်ဆုံပြီ ရွာဘက်ကိုရေဆွယ်ကထိုးလာတာနဲ့ တဖက်မှာ သောင်ထွန်းပြီး မြစ်ကြောင်းက ပြောင်းလာတော့ သင်္ဘောတွေက ကပ်မောင်းလို့ ရေလှိုင်းရိုက်တော့ အဲ့နေရာကို ဂငယ်ပုံစံတိုက်စားပြီး ပြိုကျသွားတာပါ။" ပြိုကျသွားတဲ့ ကမ်းပါးနဲ့ ဆက်စပ်နေတဲ့ ကမ်းပါးတွေကို မြစ်ရေတိုက်စားမှုနဲ့ ရေလှိုင်းပုတ်ခက် တိုက်စားမှုဒဏ်ကို ကာကွယ်နိုင်ဖို့ ရေတားတာတွေ၊ လှိုင်းကာတာတွေကို မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေပြီး ကမ်းဆယ်တဲ့လုပ်ငန်းတွေကိုတော့ တိုင်းအစိုးရအဖွဲ့ထံ တင်ပြပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
9 months Ago
Up