မြင်းမူမြို့

February 24, 2021

မြင်းမူမြို့လူထုက အာဏာသိမ်းစစ်ကောင်စီအား အရှိန်တိုးမြှင့်ကန့်ကွက် ဆန္ဒပြမည်

စစ်ကိုင်းတိုင်း မြင်းမူမြို့က ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အရှိန်ဟုန်တိုးမြှင့် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသွားမယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုနေသမျှကာလပတ်လုံး သပိတ်တိုက်ပွဲ ဆင်နွှဲမှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး  တောင်းဆိုတာမရမချင်း နေ့စဉ်ဆက်တိုက် ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြင်းမူမြို့ သပိတ်စစ်ကြောင်းမှ ‌ပါဝင်သူတစ်ဦးက “စစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး အကြမ်းဖက်နှိပ်ကွက်မှုတွေ လုပ်ဆောင်နေသမျှကာလပတ်လုံး သပိတ်တိုက်ပွဲတွေဟာလည်း ဖြစ်ပေါ်နေမှာပဲ။ တောင်းဆိုတာ မရမခြင်း နေ့စဉ်‌ လုပ်ဆောင်နေရမှာပဲ။ ကျနော်တို့ မြို့အနေနဲ့ CDM လည်း အောင်မြင်သလောက် ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ဟာ  သေချာပေါက် နိုင်ကို နိုင်ရမယ်လို့ ယုံကြည်ထားတယ်။ သပိတ်အရှိန်လည်း ဆက်လက်မြှင့်တင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ မြင်းမူမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းဟာ အင်အား ၁၀၀၀၀ ဝန်းကျင်နဲ့ မြို့တွင်းက ဗိုလ်ချုပ်ပန်းခြံနဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေလည်း ပြုလုပ်ခဲ့ကြသလို ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူ့အစိုးရထံ အာဏာပြန်အပ်ဖို့ရာ ‌ဟောပြောတောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့ပြုလုပ်တဲ့ မြင်းမူမြို့ ပင်မသပိတ်စစ်ကြောင်းအတွင်းမှာ ဌာနဆိုင်ရာဝန်ထမ်း‌တွေ အများပြားလည်း ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ကြတာကို တွေ့ရပါတယ်။

ရန်နိုင်စိုး

2 months Ago

October 17, 2020

မြင်းမူမြို့တွင် NLD အောင်နိုင်ရေး လှည့်လည်ရာ၌ ပါဝင်သူတဦး ဓာတ်လိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့က NLD ပါတီ အောင်နိုင်ရေး လှည့်လည်ရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသား ၁ ဦး ကားခေါင်းမိုးပေါ်မှာ ပါတီအလံကို ဝှေ့ယမ်းရာမှ ဓာတ်ကြိုးနဲ့ စတီးအလံတိုင် ထိမိပြီး ဓာတ်လိုက်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ မြင်းမူမြို့မရဲစခန်း တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။ သေဆုံးသူဟာ မြင်းမူမြို့၊ ကျန်စစ်သားရပ်နေ ယာဉ်မောင်းမြင့်သူ  မောင်းနှင်လာတဲ့ ဒိုင်နာအမျိုးအစား ခြောက်ဘီးအဖြူရောင်ယာဉ်ပေါ်မှာ လိုက်ပါတဲ့ ယာဉ်နောက်လိုက် ထွန်းထွန်းဝင်း (၂၂-နှစ်) ဖြစ်တယ်လို့ သိရပါတယ်။ NLD အောင်နိုင်ရေး လှည့်လည်ပြီး မြင်းမူမြို့၊  ဇေယျာလမ်းထိပ်မှာ ယာဉ်ပေါ်ပါသူတွေ ဆင်းပြီးနောက် ထွန်းထွန်းဝင်း တဦးတည်းကျန်နေစဉ် အရှည် ၉ ပေ၊ လုံးပတ် ၁ လက်မခွဲလောက်ရှိ NLD အလံချည်ထားတဲ့ စတီးတိုင်ကို ဝှေ့ယမ်းရာက  ဓာတ်ကြိုးနဲ့ထိမိပြီး ကားပေါ်မှာ လဲကျသေဆုံးသွားခဲ့တာလို့  ရဲမှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံက ရင်ခွဲစစ်ဆေးချက်အရ လက်နှစ်ဖက်မှာ လျှပ်စီးဝင်ပြီး နှလုံးအားဖြတ်စီးကာ ဝဲဘက်ခြေမအဆစ်မှ လျှပ်စီးဖောက်ထွက် သေဆုံးခြင်းဖြစ်တယ်လို့ မှုခင်းမှတ်တမ်းဖော်ပြချက်အရ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြင်းမူမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း - ရဲနိုင်ဆွေ၊ ဓာတ်ပုံ - မြတ်သုခလူမှုကူညီရေးအသင်း
6 months Ago
Up