မျှော်လင့်ချက်

June 26, 2020

ယူရိုပါလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေဆဲဟု အာတီတာပြော

အာဆင်နယ်အသင်းအတွက် ယူရိုပါလိဂ် ဝင်ရောက်ခွင့်မျှော်လင့်ချက် ရှိနေသေးတယ်လို့ နည်းပြ အာတီတာက ပြောဆိုလိုက်ပါတယ်။  ဆောက်သမ်တန်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အခုလိုပြောဆိုခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ခဲ့ပြီးနောက် ကစားခဲ့တဲ့သုံးပွဲမှာ နှစ်ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။  ဒါပေမယ့် ကြာသာပတေးနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်လိုက် ပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့အဆင့် ကိုးနေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ လက်ရှိအနေအထားအရ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်မရှိသလောက်နည်းပါးသွားခဲ့ပြီဖြစ်ပေမယ့် မန်စီတီးအသင်းရဲ့ ဘဏ္ဍာရေး အရှုပ်တော်ပုံကြောင့် ယူရိုပါလိဂ်တစ်နေရာအတွက် မျှော်လင့်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။  ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မှုအတွက် မန်စီတီးအသင်းကို ယူအီးအက်ဖ်အေက ဥရောပပြိုင်ပွဲဝင်ရောက်ခွင့် ပိတ်ပင်ထားပြီး အသင်းက  အယူခံဝင်ထားပေမယ့် အခုချိန်ထိ မဆုံးဖြတ်ရသေးဘူးဖြစ်ပါတယ်။  ဒီအခြေအနေမှာ အာတီက “ကျနော်က အကောင်းမြင်ဝါဒီပါ။ ကျနော်တို့မှာ အချိန်ရှိသေးသလို လုံလောက်တဲ့ပွဲအရေအတွက်လည်း ရှိနေပါသေးတယ်။  ကျနော့်လက်ထက် ပထမဆုံးအကြိမ် နှစ်ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရပေမဲ့ နောက်တပွဲမှာတော့ ကျနော်တို့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့စိတ်ဓာတ်တွေကို မြှင့်တင်ပေးနိုင်သလို ယုံကြည်မှုတွေလည်း   မြင့်တက်လာစေပါတယ်။ လက်ရှိပွဲစဉ်ဇယားက ကျနော်တို့အတွက် အနည်းငယ်ခက်ခဲမှုရှိပါတယ်။ နောက်ထပ် အဝေးကွင်းပွဲစဉ် ၄ ပွဲကစားဖို့ကျန်ရှိနေဆဲဖြစ်ပြီး ကျနော်တို့ ကစားသမားတွေလဲ ပြန်လည်ကြံ့ခိုင်လာဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ အန်ခီးတီးယားနဲ့ ဂျိုးဝီးလော့ဒ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ကြမ်းတမ်းစွာကစားခဲ့တဲ့အတွက် ဆောက်သမ်တန် ကစားသမား ဂျက်စတီဖင်ဟာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
11 months Ago

June 18, 2020

ကိုဗစ်-၁၉ တိုက်ဖျက်ရေး မျှော်လင့်ချက် စတွေ့ပြီဟု WHO ပြော

ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးမှာ မျှော်လင့်ချက်အရိပ်အယောင်တွေ စတွေ့လာရပြီလို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က  ဇွန် ၁၇  ရက်မှာ ပြောဆိုလိုက်ပါတယ်။   ဒါပေမဲ့ နိုင်ငံတွေအနေနဲ့ ရောဂါကူးစက်ပျံ့နှံ့တာကို ကန့်သတ်ဖို့ ကြိုတင်ကာကွယ်ရေး အစီအမံတွေကို ဆက်လုပ်ရမယ်လို့ WHO က ထပ်လောင်းပြောဆိုပါတယ်။  ကမ္ဘာ့ဒေသအတော်များများမှာ ကူးစက်မှုတွေ မြန်မြန်ဖြစ်နေဆဲ ဖြစ်ပေမယ့် မျှော်လင့်ချက် အရိပ်အယောင်တွေ့ရတယ်လို့  WHO ညွှန်ချုပ် ဒေါက်တာ တက်ဒရိုက ပြောပါတယ်။  ဈေးချိုပီ့း အသုံးတွင်ကျယ်နေတဲ့ ဒက်ဇမ်- မက်သဇုန်း စတီးရွိုက်ဆေးဟာ ကိုဗစ်-၁၉ ရောဂါဆိုးရွားနေသူတွေကို အသက်ကယ်နိုင်တယ်ဆိုတဲ့ ရလဒ်ထွက်ခဲ့ပြီးနောက်မှာ  အဲဒီဆေးကို ဆေးဘက်အနီးကပ်ညွှန်ကြားချက်အရသာ သုံးသင့်တယ်လို့လည်း ဒေါက်တာ တက်ဒရိုက ဆိုပါတယ်။   ဒက်ဇမ်- မက်သဇုန်းကို  ကိုဗစ်-၁၉ ပြင်းထန်လူနာတွေကိုပဲ  ချွင်းချက်ထား သုံးသင့်တယ်လို့  အရေးပေါ် လုပ်ငန်းများ ပရိုဂရမ်အကြီးအကဲ မိုက်ရိုင်ယန်က ပြောဆိုခဲ့ပါတယ်။   ဒက်ဇမ်-မက်သဇုန်းရဲ့ အသုံးဝင်ပုံကို တွေ့ရတာဟာ  အောင်မြင်မှုတခု ဖြစ်ပေမယ့် ဒါဟာ   လေ့လာချက်တခုရဲ့ ကနဦးရလဒ်အချက်အလက်သာ ဖြစ်နေသေးတယ်လို့ မိုက်ရိုင်ယန်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ 
11 months Ago
Up