မျိုးရိုးဗီဇကွဲ

September 2, 2021

မြန်မာတွင် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၅ ဦးတွေ့ရှိ

သြဂုတ် ၂၈ ရက် ဓာတ်ခွဲစစ်ဆေးချက်အရ မြန်မာနိုင်ငံမှာ မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၅ ဦး တွေ့ရှိကြောင်း စက်တင်ဘာ ၁ ရက်ညပိုင်းမှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မျိုးရိုးဗီဇကွဲ နေပြည်တော်မှ ၅ ဦး၊ ရန်ကုန်မှ ၂ ဦး၊ မန္တလေးမှ ၂ ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့များမှ ၁ ဦးစီ စုစုပေါင်း ၁၅ ဦးမှာ မျိုးရိုးဗီဇကွဲရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးဟာ အထူးဂရုစိုက်ရမယ့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ (Variants of Concern) Delta မျိုးစိတ် ဖြစ်ကြောင်း၊ မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါ ပိုးစောင့်ကြပ်ကြည့်ရှုတာကို ကာကွယ်ရေးဝန်ကြီးဌာန ဆေးသုတေသနတပ်နဲ့ ပူးပေါင်းလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှာ ပျံ့နှံ့နေပြီး ရောဂါပိုးကူးစက်နိုင်မှုနဲ့ ရောဂါပြင်းထန်မှု မြင့်မားတာကြောင့် သေဆုံးနိုင်ချေ မြင့်တက်လာနိုင်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးအချို့ရဲ့ အကျိုးအာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ အထူးဂရုပြုနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်းကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၁၅,၄၉၀ ယောက်ရှိပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

3 months Ago
Up