မျိုးဗီဇသိပ္ပံပညာရှင်

A d v e r t i s e m e n t With Us

January 6, 2021

တောင်အာဖရိက ကိုဗစ်မျိုးကွဲသစ်၏ မျိုးဗီဇသိပ္ပံပညာရှင်များ စစ်ဆေးဖော်ထုတ်နိုင်

တောင်အာဖရိကနိုင်ငံမှာ ‌တွေ့ရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ဟာ ကာကွယ်ဆေးတွေ ထိုးနှံထားတဲ့ အကျိုးဆက်ရလဒ်ကို အချည်းနှီးဖြစ်စေမယ့်ပုံတော့ မပေါ်ဘူးလို့ ဒီအချက်ကို လေ့လာနေတဲ့ သုတေသီတွေက ရိုက်တာသတင်းဌာနကို ဇန်နဝါရီ ၅ ရက်က ပြောလိုက်ပါတယ်။ တောင်အာဖရိက မျိုးဗီဇဆိုင်ရာ သိပ္ပံပညာရှင်တွေက စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး နိုင်ငံတကာကို ပျံ့နှံ့ခဲ့တဲ့ 501Y.V2 ကိုရိုနာဗိုင်းရပ်စ်မူကွဲကို လက်ရှိထုတ်လုပ် ထိုးနှံနေတဲ့ ကာကွယ်ဆေးတွေက ကာကွယ်နိုင်စွမ်း ရှိပါ့မလားဆိုတာ စိုးရိမ်ကြောင်း ဗြိတိန် သိပ္ပံပညာရှင်တွေက ဇန်နဝါရီ ၄ ရက်က ပြောခဲ့ကြတာပါ။ သူ့ရဲ့နားလည်မှုအရ ဒီမှတ်ချက်ဟာ သတင်းအချက်အလက်အသစ်တွေကို အခြေခံတာ မဟုတ်ဘဲ မျှဝေထားတဲ့ သတင်းအချက်အလက်တွေပေါ်မှာ အခြေခံတယ်လို့ မူကွဲသစ်ကို ဖော်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်ခဲ့သူ ကွာဇူးလူးနာတယ် သုတေသနဌာန ကူးစက်ရောဂါဆိုင်ရာ ပညာရှင် ရစ်ချတ်လက်စ်ဆဲလ်စ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က လူရဲ့ဆဲလ်ကို ထိုးဖောက် ကူးစက်ရာမှာ သုံးတဲ့ spike protein ထဲက မူကွဲအတော်များများ အပါအဝင် 501Y.V2 ဗိုင်းရပ်စ် မူကွဲထဲက  သန္ဓေပြောင်းမှု အခု ၂၀ ကျော်ကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ မူကွဲတွေထဲက တခုဟာ ပဋိပစ္စည်းတွေကို အာနိသင်လျော့အောင် လုပ်ရာမှာ အရေးကြီးတယ်လို့ ယုံကြည်ရပြီး ဗြိတိန်မှာ တွေ့ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် မူကွဲထဲမှာ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။ “ကျယ်ပြန့်တဲ့ ကိုယ်ခံအား တုံ့ပြန်မှုကို ဖြစ်စေတယ်လို့ ထင်ရတဲ့ ကာကွယ်ဆေး အများအပြားအတွက် ကျယ်ပြန့်တဲ့ တုံ့ပြန်မှုက ဗိုင်းရပ်စ်ရဲ့ စပိုက်ခ်ပရိုတင်းရဲ့ မတူခြားနားတဲ့ အစိတ်အပိုင်းတွေကို ပစ်မှတ်ထားနိုင်တယ်။ ဒါကြောင့် ကာကွယ်ဆေးရဲ့ ထိရောက်မှုက ခြေကုန်လက်ပန်းကျသွားမှာကို ကျနော်တို့ စိုးရိမ်ရတာ” လို့ ပညာရှင် ရစ်ချတ်လက်စ်ဆဲလ်စ်က ပြောပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံ ၁ ဒသမ ၁သန်း ကျော်ရှိပြီး ကူးစက်ခံ အယောက် ၃၀,၀၀၀ ကျော် သေဆုံးခဲ့ပြီးလို့ အာဖရိကတိုက်မှာ ကူးစက်ခံအများဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။ လက်ရှိ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲတွေကနေ ကာကွယ်ဆေးတွေက မကာကွယ်ပေးနိုင်ဘူးလို့ ပြောနိုင်တဲ့ သက်သေတော့ မရှိသေးဘူးလို့ အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာနက ပြောထားပါတယ်။
2 months Ago
Up