မျိုးညွန့်

May 6, 2021

ဘဏ်တွေ ဘယ်အချိန်ပြိုလဲမလဲ၊ ဘယ်လိုတိုင်းတာမလဲ (ဆောင်းပါး)

မိမိသည် မာခရိုစီးပွါးရေးပညာရှင်သာဖြစ်၍ မိမိ၏တာဝန်မှာ ငွေကြေးပေါ်လစီ (Fiscal Policy) နှင့် ဘဏ္ဍာရေး(Monetary Policy) ပူးတွဲဆက်နွှယ်ပြီး နိုင်ငံ့စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရခြင်းသာဖြစ်သည်။ ၁၉၆၈ မှ ၁၉၈၅ အထိ မြန်မာနိုင်ငံတွင်ရှိစဉ် စီမံကိန်းနှင့် ဘဏ္ဏာရေး၀န်ကြီးဌာနအောက်တွင် ပရောဂျက်များအတွက် လိုအပ်သော ငွေလုံးငွေရင်းကိစ္စကို ဘတ်ဂျက်ဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။ 

မိမိသည် ဘဏ်ပညာရှင် (Banking Specialist) မဟုတ်၊ ငွေကြေးပညာရှင် (Monetary Economist) လည်းမဟုတ်။ ဆရာဝန်လောကအရပြောလျှင် ဂျီပီ (General Practitioner)၊ အထူးကု (Consultant) (Oncologist) O/G ရှိသလို၊ စီးပွားရေးပညာတွင် သာမန်စီးပွားရေးပညာရှင်နှင့် ကျွမ်းကျင်အထူးပြု လယ်ယာစီးပွားရေး (Agro-economist)၊ မာခရိုစီးပွားရေးပညာရှင် (Macroeconomist)၊ ငွေကြေးပညာရှင် (Monetary Economist)၊ ဘဏ်ပညာရှင် (Banking Specialist) ဟူ၍ ရှိပါသည်။ 

၁၉၈၅-၁၉၉၂ အထိ ယူဂန္ဒာနိုင်ငံတွင် UNDP/IBRD နှင့် GTZ မှ ကျခံကူညီသော ပရောဂျက်၌ Aid Coordination and Management တာဝန်ဖြင့် ထမ်းဆောင်စဉ်က ချေးငွေကိစ္စနှင့်ပတ်သက်၍ ဗဟိုဘဏ်နှင့် ပူးပေါင်းလုပ်ဆောင်ဖူးသည်။ ၁၉၉၄-၂၀၁၆ ၌ အလယ်အာရှနိုင်ငံများဖြစ်သော ကာဇတ်စတန်၊ ကီရဂစ္စတန်၊ တာဂျစ်ကစ္စတန်တို့တွင်လည်း ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် တာဝန်ဖြင့်လည်းကောင်း ဗဟိုဘဏ်နှင့် လက်တွဲလုပ်ဆောင်ရသည်။ အမေရိကန်အကူအညီအရ တာဂျစ်ကစ္စတန်တွင်သာ ဗဟိုဘဏ်၏ဌာနခွဲ Open Market Operation နှင့် တိုက်ရိုက်တာဝန်ခံ လုပ်ကိုင်ရပါသည်။ 

ယခု မြန်မာနိုင်ငံဘဏ်ကိစ္စတွင် မိမိအနေဖြင့် မာခရိုစီးပွားရေးပညာရပ်ရှုဒေါင့်မှသာ တင်ပြနိုင်ခွင့် (Authoritative) ရှိပါသည်။ အများနားလည်အောင် တင်ပြရမည်ဆိုလျှင် တိုင်းပြည်အတွင်း ထုတ်လုပ်လိုက်သောပစ္စည်းများ၊ ဆောင်ရွက်ပေးလိုက်သော ဝန်ဆောင်မှုများကို ကာလတန်ဖိုးသင့်၍ဖလှယ်တန်ဖိုးအရ ဗဟိုဘဏ်မှ ငွေကြေးရိုက်ထုတ်ပေးရသည်။ အခြေခံအားဖြင့်  အလွယ်ပြောရလျှင် ထုတ်လုပ်ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ ဆိုလျှင် ငွေကြေး ကျပ်ဘီလီယံ ၁၀၀ ရှိနေရပေမည်။ ယင်းကို Money Supply ဟု ခေါ်ကြပါစို့။ ဖေါ်မြူလာဖြင့် အကြမ်း M2 ဟုသတ်မှတ်ပါမည်။ 

ဤသည်မှာ အတိုကောက်အားဖြင့် GDP နှင့် Money Supply ဟု ဆိုလျှင်မိမိအလုပ်မှာ ယင်းနှစ်ခု၏ ဆက်နွှယ်မှုကို စိစစ် ထိန်းကျောင်းပေးပြီး အလုပ်လက်မဲ့လျော့ကျရေး၊ ငွေကြေးမဖေါင်းပွရေး၊ တိုင်းပြည်စီးပွါးရေး တိုးတက်ပြီး လူတဦးအလိုက် ပိုမိုချမ်းသာလာရေးကို ရှေးရှုရပါသည်။ ယေဘုယျအားဖြင့် ပြည်တွင်းထုတ်လုပ်ဝန်ဆောင်မှု (GDP growth rate) တိုးလာသည်နှင့်အမျှ ချိန်ခွင်ညှာညီ ငွေကြေးလည်ပတ်မှု (the value of money in circulation ) တိုးလာပါမည်။

တာဂျစ်ကစ္စတန်တွင် USAID ပရောဂျက် တာဝန်ကျစဉ်က တကမ္ဘာလုံးစာရင်းအင်းအရ ၄င်းနိုင်ငံ၏ ငွေကြေးလည်ပတ်မှုအချိုးအစား (M2/GDP)ကို စီးပွားရေးအတိုင်းအတာပညာဖြင့် စိစစ်ကြည့်ရာ လူတဦးပျမ်းမျှဝင်ငွေ ၁၀၀ တိုးတိုင်း ၅ ရာခိုင်နှုန်းတိုးသည်ကိုတွေ့ရှိရပါသည်။ စက်ရုံအလုပ်ရုံ၊ ရုံးဝန်ထမ်း၊ ကုန်သွယ်လည်ပတ်မှုများ ချောမောစေရန် ငွေကြေးလည်ပတ်မှုက အထောက်အကူပြုပေးရပါသည်။ ငွေကြေးစီးဆင်းမှုကို ဗဟိုဘဏ်မှ ထိန်းကျောင်းပြီး၊ ကုန်သွယ်စီးပွားရေးဘဏ်များမှ လည်ပတ်ပေးရပါသည်။

အထက်မှာတင်ပြသလို ထုတ်လုပ်ဝန်ဆောင်မှုနှင့် ငွေကြးလည်ပတ်မှုသည် ချိန်ခွင်လျှာညီဖို့ အရေးကြီးသည်ကို တွေ့ရှိရပါသည်။ ငွေကြေးပေါ်လစီတာဝန်ခံ (Fiscal Authority) စီမံ/ဘဏ္ဏာ ဝန်ကြီးဌာနနှင့် ဘဏ္ဏာရေးပေါ်လစီတာဝန်ခံ (Monetary Authority) ဗဟိုဘဏ်တို့၏တာဝန်မှာ အလွန်အရေးကြီးသည်ကို တွေ့ရှိရပေမည်။ ဘဏ်ဘက်ကလည်း ပေးရန်အကြွေး (current liabilities) နှင့် ငွေဖြစ်လွယ်ပစ္စည်း (liquid assets) ကို ချိန်ဆသော ငွေသားအချိုး(liquidity ratio) ကို ထိန်းကျောင်းရပါသည်။ ဗဟိုဘဏ်၏ဦးတည်ချက်မှာ အကြွေးစနစ်ထိန်းသိမ်းခြင်း(Controlling credit system)၊ ကုန်သွယ်စီးပွားရေးဘဏ်များ၏ရည်ရွယ်ချက်မှာ အမြတ်ကျန်ရေး ( Profit earning) ဖြစ်သည်။ 

အဓိက တာဂျစ်ကစ္စတန်ဗဟိုဘဏ်တွင် တာဝန်ကျခဲ့သော မိမိအတွေ့ကြုံအရ ဘဏ်များ ဘယ်လိုအခြေအနေမျိုးတွင် ပြိုလဲမည်ကို တိုင်းတာရသည့် ညွှန်းကိန်းများကို ပြောလိုပါသည်။ ၂၀၂၀ နှစ်ဦးအစမှ ကိုဗစ်ရောဂါကပ်ဘေးကြောင့် မြန်မာနိုင်ငံတွင် ကုန်ထုတ်စီးပွားရေး ရပ်ဆိုင်းသွားခဲ့ရသည်ကို အများအသိပင်။ စီးပွားရေးရပ်ဆိုင်းသွားလို့ အလုပ်လက်မဲ့ ကြီးထွားသွားသည်။ ထို့ကြောင့် ဘဏ်တွေလည်း ထိခိုက်သွားရသည်။ စီးပွားရေး ရပ်ဆိုင်းသွားသောကြောင့် ချေးငွေများ ဘဏ်ထဲသို့ပြန်၀င်မလာတော့။ ဘဏ်များ စပြီး ဒုက္ခရောက်ချေပြီ။

အခုတခါ မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ စစ်တပ်က လက်နက်အားကိုးပြီး  အရွေးချယ်ခံတရားဝင်အစိုးရလက်မှ အာဏာသိမ်းယူပြီးနောက် လူထုတရပ်လုံး၏ အာဏာဖီဆန်ရေး၊ ဆန့်ကျင်တော်လှန်ရေးတို့ကြောင့်လည်းကောင်း၊ စစ်အာဏာရှင်တို့၏ ဝင်ငွေရလမ်းမှန်သမျှ ပိတ်ဆို့ထားမှုကြောင့်လည်းကောင်း ငွေကြေးလည်ပတ်မှုထစ်ငေါ့ကုန်သည်။ လူထုတရပ်လုံးက အစိုးရကိုရော အစိုးရယန္တရားလည်ပတ်မှုနှင့် မြန်မာကျပ်ငွေကိုပါ အယုံအကြည်မရှိတော့ပါ။ ဘဏ်အပ်ငွေတွေ ပြုံထုတ်လာကြသည်။

ဤဒဏ်ကို ဘဏ်များ မည်မျှကြာကြာ တောင့်ခံနိုင်မည်နည်း။ တိုင်းပြည်တပြည်တွင် ဘဏ်များ ကျန်းမာစွာလည်ပတ်နိုင်ရန် ဗဟိုဘဏ်က ၄င်းတို့၏ ငွေသားအရန်အချိုး (Reserve Requirement) နှင့် ငွေလုံးငွေရင်း အနည်းဆုံး လိုအပ်ချက်အချိုး (capital adequacy ratio) ကို သတ်မှတ်ပေးရပါသည်။ ဥပမာ ငွေသားအရန်အချိုးသည် အပ်ငွေ၏ ၁၀ ရာခိုင်နှုန်းသာရှိ၍ ဘဏ်ငွေအပ်သူများက ၄င်းတို့အပ်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ဝိုင်းအုံအဆက်မပြတ်ထုတ်ယူကြလျှင် ဘဏ်တွင် ထုတ်ပေးစရာငွေသား အချိန်မီပြန်မဝင်လာလျှင် ဘဏ်ယိုင်ခါသွားပြီး တထိန့်တလန့် ဖြစ်ကုန်တော့သည် (Bank run)။ 

၄င်းမှတဆင့် ဘဏ်မပြိုလဲအောင် ငွေလုံးငွေရင်းဖြင့် ကျားကန်ပေးရသည်။ ဤငွေရင်းအချိုးကို Basel III က သတ်မှတ်ပေးထားသည်။ လက်ဝယ်ရှိငွေရင်းအချိုး (Tier 1 capital) သည် ၆ ရာခိုင်နှုန်းဖြစ်စေ၊ အကြွေးရရန်ငွေရင်း(Tier2 capital) အချိုးပါ ပေါင်းပြီး အနည်းဆုံး ၈ ရာခိုင်နှုန်းဖြစ်စေ၊ ရှယ်ယာအချိုး (Common Equity Tier1-CET1) ၄ ဒသမ ၅ ရာခိုင်နှုန်း ရှိနေလျှင် ဘဏ်မပြိုလဲသေးပါ။ အနောက်နိုင်ငံများတွင် ကိုဗစ်ကြောင့် ဘဏ်များအခြေအနေမှာ ဥရောပတွင် ၁၃ ရာခိုင်နှုန်း၊ ဗြိတိန်တွင် ၁၄ ရာခိုင်နှုန်းနှင့် အမေရိကန်တွင် ၁၂ ရာခိုင်နှုန်း ရှိနေ၍၊ အနည်းဆုံး သတ်မှတ်အချိုးအထိ မကျဆင်းသေး၍ တောင့်ခံနိုင်သေးသည်ကို တွေ့ရပေမည်။ 

မြန်မာနိုင်ငံဘဏ်များ၏ အရင်းအချိုး (သို့) ရှယ်ယာအချိုး မည်မျှအဆင့်အထိ ကျဆင်းနေပြီလဲ။  အထက်မှာတင်ပြခဲ့သလို ငွေသားအရန်အချိုးကို ဗဟိုဘဏ်က တိုင်းပြည်စီးပွားရေးအခြေအနေပေါ် မူတည်သတ်မှတ်ပေးရာ စီပွားရေးကျလျှင် အချိုးလျှော့ချပြီး၊ ဘဏ်များက စီးပွားရေးသမားများကို အပ်ငွေမှ ပိုလျှံလျှံထုတ်ချေးနိုင်ပြီး လုပ်ငန်းများ တိုးချဲ့နိုင်ပါမည်။ သို့သော် ကိုဗစ်ကပ်ကာလ ယခင်လုပ်ငန်းရှင်များကို ချေးထားငွေကလည်း ပြန်ဝင်မလာနိုင်၊ လူထုကလည်း အထိတ်တလန့် ငွေသားများ ထုတ်လာလျှင်တော့၊ ဘဏ်များ ငွေသားမပြတ်အောင် အချိန်ဆွဲပြီး၊ နည်းနည်းချင်း အကန့်အသတ်ဖြင့်  ငွေထုတ်ခွင့်ပြုခြင်း၊  ဘဏ်အချင်းချင်းက ချေးလျှင်ချေး၊ ဒါမှမဟုတ် နောက်ဆုံးကြံရာမရ (The Last Resort) ဗဟိုဘဏ်မှ ထုတ်ချေးရပါမည်။ 

ဘဏ်တွေကို အယုံအကြည်မမဲ့အောင် ဗဟိုဘဏ်မှ အာမခံထားပေးထားရပါသည်၊ အာမခံထားသော အမေရိကန်ရှိဘဏ်များတွင် (Federal Deposit Insured Corporation- FDIC insured banks will cover $250,000 in deposits per account owner) ဘဏ်ဒေဝါလီခံသွားလျှင် အကောင့်ပိုင်ရှင်တဦးစီကို ဒေါ်လာနှစ်သိန်းခွဲ လျော်ကြေးပေးပါသည်။ ငွေသားများ စီးဆင်းလည်ပတ်မှု ရပ်မသွားရေးအတွက် အစိုးရက ဗဟိုဘဏ်မှတဆင့် ငွေအသစ်ရိုက်ထုတ်လျှင်ကား တဖက်တွင် ကုန်ထုတ်လုပ်မှု (GDP) က ကျဆင်းနေပြီး (Money Supply/M2) တိုးပွားနေလျှင်တော့ ငွေကြေးဖောင်းပွမှုကို တွန်းတင်လိုက်မည်မှာ မလွဲပါ၊ ငွေရင်းမလုံလောက်လျှင်  တခါတရံ အစိုးရက ဘဏ်ကြီးများ မပြိုလဲရအောင် ရှယ်ယာစိုက်ထုတ် ပါဝင်ပေးတတ်ပါသည်။

ယခု မြန်မာတွင်  စစ်အာဏာရှင်တို့ အာဏာသိမ်းလိုက်သော်လည်း အခွံချည်းသာရလိုက်ပြီး ဝင်ငွေရလမ်းကလည်း နိုင်ငံတကာပိတ်ဆို့မှုကြောင့် ဆုပ်လည်းစူးစားလည်းရူးမို့ အသက်ငင်နေပါပြီ။ CDM တွေသာ ဆက်ပြီးကြံ့ကြံ့ခံလိုက်လျှင် လူထုကြိုးပမ်းနေသည့် အရေးတော်ပုံအောင်မြင်ဖို့မှာ လက်တကမ်းသာကျန်တော့သည်။

မျိုးညွန့်(မာခရိုစီးပွား‌ရေးပါရဂူ)

7 months Ago
Up