မျက်ရည်ယိုဗုံး

January 17, 2023

သီရိလင်္ကာတွင် အစိုးရဆန့်ကျင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် လူစုခွဲ

သီရိလင်္ကာနိုင်ငံရဲ့ မြို့တော် ကိုလံဘိုမှာ ဇန်နဝါရီ ၁၆ ရက်က ရာနဲ့ချီတဲ့ ဆန္ဒပြကျောင်းသားတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ကုလသမဂ္ဂရုံး အပြင်ဘက်မှာ စုရုံးပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြတာပါ။

ရက်ပေါင်း ၁၅၀ ကျော် ထိန်းသိမ်းခံထားရတဲ့ တက္ကသိုလ်ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝါစန်သာ မူဒါလီဂေကို ပြန်လွှတ်ပေးဖို့ သူတို့က အဓိက တောင်းဆိုခဲ့ပါတယ်။

မူဒါလီဂေဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပတ်ဆာ နုတ်ထွက်ခဲ့ရပါတယ်။

နိုင်ငံ့စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ပြည်သူတွေအပေါ်ထားရှိတဲ့ စီးပွားရေး ဝန်ထုပ်ဝန်ပိုးတွေကို ဖြေလျှော့ပေးဖို့ လက်ရှိသမ္မတ ရာနေးလ် ဝစ်ကရာမန်ဆင်းဂ်ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

2 months Ago

အင်ဒိုနီးရှားဘောလုံးပွဲအတွင်း လူပေါင်း ၁၃၅ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ် ပထမဆုံး ရုံးတင်စစ်ဆေး

အင်ဒိုနီးရှားနိုင်ငံရဲ့ ဆူရာဘာယာတရားရုံးဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဂျာဗားကျွန်း အရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘောလုံးပွဲအတွင်း လူအုပ်ပြုံတိုးမှုကြောင့် လူပေါင်း ၁၃၅ ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ လာမယ့် ဇန်နဝါရီ ၁၆ ရက်မှာ ပထမဆုံး ရုံးတင်စစ်ဆေးပါတယ်။

ဒီဖြစ်ရပ်အတွက် ရဲအရာရှိ ၃ ဦးနဲ့ ပွဲစီစဉ်သူ ၂ ဦး အပါအဝင် စုစုပေါင်း လူ ၅ ဦးဟာ မကြာခင်မှာ တရားရင်ဆိုင်ရမှာပါ။

အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင်ကတော့ ရဲအရာရှိတွေရဲ့ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်မှုဟာ ဒီဖြစ်ရပ်အတွက် အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုလူသေဆုံးစေခဲ့တဲ့ အဖြစ်ဆိုးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က မာလန်းမြို့ရှိ ကန်ဂျူရူဟန် ဘောလုံးကွင်းမှာ ဖြစ်ပွားခဲ့တာပါ။

ဒါဟာ ၁၉၆၄ ခုနှစ်နောက်ပိုင်း ဘောလုံးပွဲစဉ်တခုအတွင်း အဆိုးရွားဆုံး ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေနဲ့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) တို့ကလည်း ဒီကွင်းထဲမှာ မျက်ရည်ယိုဗုံး ၄၅ ကြိမ်အထိ ပစ်သွင်းခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အပေါ် မေးခွန်းထုတ်တာကို ရင်ဆိုင်နေရပါတယ်။

လူစုလူဝေးကို ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ဒီလိုကိုင်တွယ်ပုံမျိုးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က အရင်ကတည်းက တားမြစ်ထားပါတယ်။

ထောင်ပေါင်းများစွာသော ဘောလုံးပရိသတ်တွေကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ဂျာဗားကျွန်းအရှေ့ပိုင်းမှာ ဆန္ဒပြခဲ့ကြသလို ဒီဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ စုံစမ်းစစ်ဆေးမှုကို ဒီ့ထက်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

2 months Ago

November 11, 2022

ပီရူးနိုင်ငံတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ်ခတ်ဖြိုခွဲ

ပီရူးရဲတပ်ဖွဲ့ဟာ သမ္မတ ပက်ဒရို ကတ်စ်တီလိုကို ရာထူးကနေ ဖယ်ရှားဖို့ ကွန်ဂရက်လွှတ်တော်ရဲ့ ကြိုးပမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ သမ္မတကိုထောက်ခံသူ ထောင်ပေါင်းများစွာကို လူစုခွဲဖို့အတွက် နိုဝင်ဘာ ၁၀ ရက်က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

လီမာမြို့ရှိ အမျိုးသားကွန်ဂရက် အဆောက်အအုံအနီးမှာ လူတွေစုရုံးနေကြပြီး “လီမာကို သိမ်းပိုက်ခြင်း” ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ သမဂ္ဂတွေ၊ လက်ဝဲပါတီတွေနဲ့ အဖွဲ့အစည်းတွေက ဆင့်ခေါ်ထားတဲ့ ဆန္ဒပြပွဲမှာ အတိုက်အခံတွေ ကြီးစိုးထားတဲ့ လွှတ်တော်ကို ပိတ်ပစ်ဖို့ တောင်းဆိုနေပါတယ်။

ဆန္ဒပြသူတွေဟာ ရဲတွေကို တုတ်တွေသုံးခဲ့တာကြောင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ တုံ့ပြန်ခဲ့ရာမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

သမ္မတ ကတ်စ်တီလိုဟာ အကျင့်ပျက်ခြစားမှုဆိုင်ရာ စွပ်စွဲချက်တွေအပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများစွာကို ရင်ဆိုင်နေရချိန်မှာ အုပ်ချုပ်ရေးအာဏာတွေ ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့တာပါ။

၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ရာထူးတာဝန်ယူခဲ့တဲ့ သမ္မတကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အစိုးရရှေ့နေရုံးရဲ့ လှုပ်ရှားမှုက အစိုးရကိုဆန့်ကျင်ပြီး အာဏာသိမ်းဖို့ ကြိုးပမ်းမှုအဖြစ် ရှုတ်ချခဲ့ပါတယ်။

သမ္မတ ကတ်စ်တီလိုဟာ သူ့ကို စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းမှုကနေ ၂ ကြိမ် လွတ်မြောက်ခဲ့ပါတယ်။

ကွန်ဂရက်လွှတ်တော်မှာ လိုအပ်တဲ့မဲတွေ နည်းပါးနေပေမဲ့ အတိုက်အခံ ဥပဒေပြု အမတ်တွေက သူ့ကို တရားစွဲဆိုမှုအသစ် စတင်ဖို့ ကြိုးပမ်းနေကြတာပါ။

အမေရိကန်ပြည်ထောင်စုများအဖွဲ့ (OAS) ရဲ့ မစ်ရှင်အဖွဲ့ဟာ ဒီအခြေအနေရဲ့ အများသဘောဆိုင်ရာနဲ့ ရည်ရွယ်ချက်တွေကို အကဲဖြတ်ဖို့အတွက် ပီရူးကို ရောက်ရှိမလာသေးခင် ၁၀ ရက်အလိုမှာ အခုဆန္ဒပြပွဲ ဖြစ်ပွားခဲ့တာပါ။

5 months Ago
More News
Up