မျိုး​ကောင်းမျိုးသန့်​ ​မြေပဲစိုက်​ပျိုးနိုင်​​ရန် ဆီစက်​ပိုင်​ရှင်​များ တောင်​သူ​များနှင့် တွေ့ဆုံ

July 24, 2018

မျိုး​ကောင်းမျိုးသန့်​ ​မြေပဲစိုက်​ပျိုးနိုင်​​ရန် ဆီစက်​ပိုင်​ရှင်​များ တောင်​သူ​များနှင့် တွေ့ဆုံ

မန္တ​လေးတိုင်း​ဒေသကြီး၊ နွားထိုးကြီးမြို့နယ်​၊ လက်​ဝဲ​ကျေးရွာမှာ ဆီထွက်​သီးနှံဖြစ်​တဲ့ မျိုး​ကောင်းမျိုးသန့်​ ​မြေပဲစိုက်​ပျိုး​စေဖို့ ​ မြန်​မာနိုင်​ငံ ဆီစက်​ပိုင်​ရှင်​များအသင်းက တာဝန်ရှိသူတွေက  ​​​ဒေသခံ ​တောင်​သူ​တွေနဲ့ ဇူလိုင်​ ၂၃ ရက်​​က​တွေ့ဆုံခဲ့ပါတယ်​။ မြန်​မာနိုင်​ငံ ဆီစက်​ပိုင်​ရှင်​များအသင်း ဥက္ကဋ္ဌ ဦးခင်​စိုး က "အဓိက ရည်​ရွယ်​တာက စိုက်​ပျိုး​ရေး​တွေ ​အောင်​မြင်​လာဖို့ပါပဲ၊ ​အောင်​မြင်​လာရင်​ ပြည်​တွင်းမှာ ကျန်းမာ​ရေးနဲ့ ညီညွတ်​တဲ့ ​မြေပဲဆီ ၊ နှမ်းဆီ၊ ​နေကြာဆီ​တွေ ကို သင့်​တင်​တဲ့​ဈေးနဲ့ ရရှိဖို့ပါပဲ။ ပြည်​တွင်းထွက်​ဆီ မလုံ​လောက်​​တော့ ပြည်​ပက​နေ တနှစ်​ကို စားအုန်းဆီ တန်​ချိန်​ ၁ သန်းနဲ့ ​မွေးမြူ​ရေးအစာ တန်​ချိန်​ ၅ သိန်း တင်​သွင်း​နေကြရတယ်​။ ဒီလို ကုန်​ကျမှု​တွေ သက်​သာ​စေဖို့ နဲ့ စိုက်​ပျိုး​ရေး​တွေ ​အောင်​မြင်​လာရင်​ SME စတဲ့ ဆီစက်​လုပ်​ငန်း​တွေ​ အောင်​မြင်​လာမယ်။ လက်​ရှိဖြစ်​​နေတာက မြန်​မာနိုင်​ငံက ဆီစက်​​လုပ်​ငန်းရှင်​​တွေ ​စက်​လည်​ပတ်​မှုမရှိတာ ၉၀ ရာခိုင်​နှုန်း​လောက်​ဖြစ်​​နေပြီ၊ ​မွေးမြူ​ရေးလုပ်​ငန်း​တွေမှာ အသား ငါး နို့ ဥ စတဲ့ ထုတ်​လုပ်​​ရေး​တွေမှာပါ ပံ့ပိုး​ပေးသွားနိုင်မှာ ဖြစ်​တဲ့အတွက်​ မျိုး​ကောင်းမျိုးသန့်​ ​မြေပဲများ စိုက်​ပျိုး​စေဖို့ ​ဒေသခံ ​တောင်​သူ​တွေနဲ့ ​တွေ့ဆုံတာ”လို့ ဒီဗွီဘီ ကို ​ပြောပါတယ်​။ မြန်​မာနိုင်​ငံ စိုက်​ပျိုး​ရေးဦးစီးဌာနက ထုတ်​လုပ်​တဲ့ ဆင်း ပ​ဒေသာ (၁၁) မျိုး​ကောင်းမျိုးသန့်​ ​မြေပဲကို၊ မြန်​မာနိုင်​ငံဆီစက်​ပိုင်​ရှင်​များအသင်းနဲ့ စိုက်​ပျိုး​ရေးဦးစီးဌာနတို့ ပူး​ပေါင်းပြီး ​တောင်​သူ​တွေထံ ဖြန့်​ချိ ​ရောင်းချ​နေတာလည်း ဖြစ်​ပါတယ်​။ နွားထိုးကြီးမြို့နယ်​ မြဝတီ​ကျေးရွာနေ ​တောင်​သူ ဦးခင်​​မောင်​လင်းက "အရင်​တုန်းက​တော့ ပဲစင်းငုံကို စိုက်​ပျိုးခဲ့တာ။ အခု ​မြေပဲအထွက်​နှုန်း​ကောင်းတယ်​ဆိုလို့ ဆင်း ပ​ဒေသာ (၁၁) ကို ဒီနှစ်​စပြီး စိုက်​ပျိုးထားတယ်​။ အထွက်​နှုန်း​ကောင်းရင်​​တော့ ဒီမျိုးကိုပဲ ဆက်​ပြီးစိုက်​သွားမှာပါ” လို့ဆိုပါတယ်​။ တွေ့ဆုံပွဲကို မြင်းခြံခရိုင်​ စိုက်​ပျိုး​ရေးဦးစီးဌာန  လက်​​ထောက်​ ညွန်​ကြား​ရေးမှူး ဦးမြင့်​လင်းနဲ့ တာဝန်​ရှိသူ​တွေနဲ့ စိတ်​ဝင်​စားသူ ​တောင်​သူ (၁၀၀) ခန့်​ တက်​​ရောက်​ခဲ့ကြပါတယ်​။ မြင်းခြံခရိုင်​ (၄) မြို့နယ်​မှာ​တော့ ​မြေပဲစိုက်​ဧက ၉ ​သောင်း​ကျော်​ရှိကာ၊ ၁ ဧကကို ​မြေပဲထွက်​နှုန်း တင်း ၅၀ သတ်​မှတ်​ထားပြီး၊​ မြေပဲစိုက်​ ရာသီမှာ ​မြေပဲ တင်း​ပေါင်း ၄၅ သိန်း​ကျော်​ ထွက်​ရှိမယ်လို့ ခရိုင်​စိုက်​ပျိုး​ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်​။ သတင်း - ရီရီထွန်း ( မြင်းခြံ )
3 years Ago
Up