မျိုးသုန်းတော့မည့် ငါးမန်းမျိုးစိတ်များ စင်းလုံးပြည့်တင်လာသည့်သင်္ဘော အီကွေဒေါ ဖမ်းဆီး

August 15, 2017

မျိုးသုန်းတော့မည့် ငါးမန်းမျိုးစိတ်များ စင်းလုံးပြည့်တင်လာသည့်သင်္ဘော အီကွေဒေါ ဖမ်းဆီး

မျိုးသုန်းပျောက်ကွယ်တော့မယ့် hammerhead ငါးမန်းမျိုးစိတ်တွေနဲ့ တခြားငါးမျိုးစိတ်တွေ စင်းလုံးပြည့် တင်ဆောင်လာတဲ့ တရုတ်အလံတင် သင်္ဘောတစီးကို သြဂုတ် ၁၄ ရက်နေ့မှာ အီကွေဒေါနိုင်ငံက ဖမ်းဆီးလိုက်ပါတယ်။ အဲဒီသင်္ဘောဟာ ဂယ်လာပါဂိုကျွန်းအနီး ပင်လယ်သတ္တဝါ ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်မှာ သွားလာနေတာဖြစ်ပြီး သင်္ဘောပေါ်မှာ ငါးမန်းနဲ့ တခြားရေသတ္တဝါအသေကောင် မက်ထရစ်တန် ၃၀၀ ခန့်ကို တွေ့ရှိခဲ့ရတယ်လို့ ဂယ်လာပါဂို အမျိုးသားဥယျာဉ်ဌာနက ဆိုပါတယ်။ အဲဒီမျိုးသုဉ်းပျောက်ကွယ်တော့မယ့် ငါးမျိုးစိတ်တွေကို ဘယ်နေရာကနေ ဖမ်းဆီးလာပြီး ဘယ်နေရာကို သယ်ဆောင်သွားမလဲဆိုတာကို စုံစမ်းနေတယ်လို့ အမျိုးသားဥယျာဉ်ဌာနက ဆိုပါတယ်။ သင်္ဘောပေါ်မှာ လူအယောက် ၂၀ လိုက်ပါလာပြီး အခုဖမ်းဆီးရမိခြင်းဟာ   ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်မှာ အကြီးမားဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်။ သင်္ဘောပေါ် လိုက်ပါလာသူတွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုနဲ့ ထောင် ၃ နှစ်အထိ ကျခံရဖွယ်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up