တိုက်ကွမ်ဒို အားကစားနည်းဟာ လာမယ့် မလေးရှားဆီးဂိမ်းပြိုင်ပွဲကို လူငယ်မျိုးဆက်သစ် ကစားသမားတွေနဲ့ပဲ အခြေခံပြီးတော့ သွားရောက်ယှဉ်ပြိုင်မယ်လို့သိရပါတယ်။
ဒီလိုသွားရောက်ယှဉ်ပြိုင်ရတာဟာ လက်ရွေးစင်နာမည်ကြီး ကစားသမားဟောင်း တော်တော်များများ အနားယူသွားတာကြောင့် ဖြစ်ပြီး ကစားသမားအသစ်တွေမှာ လုံလောက်တဲ့ အရည်အချင်းတွေပြည့်ဝနေပြီလို့ တိုက်ကွမ်ဒို အသင်းအုပ်ချုပ်သူ ဦးဖြိုးဇော်အောင်က ပြောပါတယ်။
လာမယ့်ဆီးဂိမ်းအတွက် ကစားသမား ၁၃ ဦးနဲ့ နေပြည်တော်မှာရှိတဲ့ Gold Camp မှာ ဇန်န၀ါရီလ ၁ ရက်နေ့ကတည်းက စခန်းသွင်းလေ့ကျင့်နေပြီးတော့ ကိုရီးယားနိုင်ငံသား နည်းပြ ၂ ဦးနဲ့လေ့ကျင့်နေတာပါ။
လာမယ့် ၂၀၁၇ ခုနှစ်အတွင်းမှာလည်း ကိုရီးယားနိုင်ငံကို joint Training အနေနဲ့သွားရောက်လေ့ကျင့်ဖို့ရှိနေပါတယ်။
ဆီးဂိမ်း ဆုတံဆိပ်မျှော်မှန်းချက်အနေနဲ့ကတော့ ရွှေ၊ငွေ၊ကြေး ဆုတံဆိပ် ၁ ခုစီရရှိဖို့ ရည်မှန်းထားတယ်လို့ အသင်းအုပ်ချုပ်သူကပြောပါတယ်။
မြန်မာတိုက်ကွမ်ဒိုအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ စင်ကာပူဆီးဂိမ်းမှာ ငွေ ၂ ဆု နဲ့ ကြေး၁ ဆုပဲရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ မျိုးဆက်သစ်ကစားသမားတွေနဲ့ ဆုတံဆိပ်တွေ ရရှိဖို့ မျှော်လင့်နေတာပါ။
6 years Ago