များပြား

December 30, 2017

မွန်ပြည်နယ် ခရီးသွားဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ထက် များပြား

မွန်ပြည်နယ်ကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှုများမှာ ယခင်နှစ်တွေထက် ၈ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၁၇ နှစ်ကုန်ပိုင်းမှာ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ရရှိတယ်လို့ မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ မွန်ပြည်နယ်ကို ၂၀၁၅ ခုနှစ်က ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ၂၀၅၆၂၈၁ ဦး၊ ၂၀၁၆ ခုနှစ်က ၂၂၈၁၆၉၄ ဦး သာ ၀င်ရောက်လည်ပတ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ နိုဝင်ဘာလအထိ ၂၉၆၂၁၅၈ ဦးအထိ ရှိလာပြီး ၂၀၁၇ နှစ်ကုန်ပိုင်းအထိ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ၃ သန်းကျော်အထိ ၀င်ရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၃ နှစ်အတွင်း အများဆုံးဖြစ်ခဲ့ပြီး ၀င်ငွေ ရရှိမှုမှာလည်း ၂၀၁၅ ခုနှစ်က ကန်ဒေါ်လာ ၁၀၃၃၁၆၃ နဲ့ ၂၀၁၆ ခုနှစ်မှာ ကန်ဒေါ်လာ ၁၄၃၃၈၇၃ သာ ရရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ နိုဝင်ဘာလကုန်အထိ ကန်ဒေါ်လာ ၁၈၇၀၄၈၄ အထိ ရရှိခဲ့ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ကန်ဒေါ်လာ ၂ သန်းကျော် ရရှိမယ်လို့ မွန်ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ “ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေဝင်ရောက်မှု တိုးတက်လာတာကြောင့် ၀င်ငွေလည်း များလာတယ်။ဒီဝင်ငွေစာရင်းက ဟိုတယ်တွေဆီကနေ ၀င်တဲ့စာရင်းပဲ ရှိသေးတယ်။ တခြား ရိုးရာပစ္စည်းရောင်းတာတွေ၊ တခြားစားသောက်တဲ့ဆီက ရတာတွေ မပါသေးဘူး” လို့ မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဟာ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတခုတည်း မဟုတ်ဘဲ အခြားနည်းလမ်းတွေနဲ့လည်း နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ “Eco Tourism နဲ့ သွားမလား၊ Nature နဲ့သွားမလား၊ Adventure လား။ ရှုခင်းတောတောင်တွေ၊ လမ်းတွေကောင်းလာပြီဆိုရင် Sport Tourism လားပေါ့။ အများကြီးဆွဲဆောင်လို့ရတယ်။ ကျိုက်ထိုက ဆောင်နိုင်ကြီး အပန်းဖြေစခန်းတို့လိုမျိုး။ သံဖြူဇရပ်က သေမင်းတမန်ရထားလမ်းလည်း စိတ်ဝင်စားကြတာပဲ။ ထိုင်းဘက်က သေမင်းတမန်ဆိုရင် ၀င်ငွေတော်တော်များများရတယ်။ ကျနော်တို့ဆီမှာလည်း ဒါတွေရှိတယ်ဆိုတာကို နိုင်ငံခြားသားတွေကို ဖော်ထုတ်ပေးရမယ်။ သူတို့လည်း သိမှလာကြမှာပေါ့” လို့ ဦးသန်းထွဋ်ခိုင်က ပြောပါတယ်။ ထို့အပြင် ခရီးသွားဧည့်သည်ဝင်ရောက်မှုမှ ရရှိလာတဲ့ ၀င်ငွေတွေနဲ့ ရိုးရာအမှတ်တရ ပစ္စည်းရောင်းချတဲ့ ဒေသထွက်ကုန် တချို့အတွက် တန်ဖိုးမြင့်ထုတ်ကုန်တွေဖြစ်အောင် ကူညီထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှု ၀င်ငွေစာရင်းများအရ ဖေဖော်ဝါရီလမှာ ကန်ဒေါ်လာ ၃၀၁၁၇၄ နဲ့ အများဆုံးရရှိခဲ့ပြီး စက်တင်ဘာမှာ ကန်ဒေါ်လာ ၄၈၅၀၈ နဲ့ အနည်းဆုံးရရှိခဲ့ပါတယ်။ အာကာမင်း
3 years Ago

September 28, 2017

မော်လမြိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများပြား

မွန်ပြည်နယ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွေထဲမှာ ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ အများဆုံးဖြစ်ပွားနေတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်မှူး ဒေါက်တာဉာဏ်ဆင့်ကပြောပါတယ်။ “ဒီရောဂါ အကြောင်းပြောရင် လူဦးရေနဲ့လည်း ဆိုင်ပါတယ်။ မော်လမြိုင်မြို့နယ်က ၁၀ မြို့နယ်ထဲမှာ အများဆုံးပါ။ ဒီရောဂါဆိုတာကလည်း ကျေးလက်ဆန်တဲ့နေရာမှာ ဖြစ်တယ်ဆို ပေမယ့်လည်း မြို့ပြဆန်တဲ့ရောဂါဖြစ်တဲ့အတွက်ကြောင့် မြို့ပြတွေမှာ ရေသိုလှောင်ထားတွေ ရှိမယ်။ ရေတင်၊ ရေဝပ်နိုင်တဲ့ ပစ္စည်းတွေရှိမယ်ဆိုတော့ ခြင်ပေါက်ဖွားတဲ့ နေရာတွေက ပိုပြီးများတဲ့အတွက်ကြောင့် မော်လမြိုင်မြို့နယ်မှာ ပိုပြီးတော့ ဖြစ်ရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။ မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူအများစုဟာ အသက် ၅ နှစ်က ၉  နှစ်အထိ မူလတန်းအရွယ် ကလေးတွေမှာဖြစ်ပွားကြပြီး၊ အသက် ၁ နှစ်က ၄ နှစ်အရွယ် ကလေးတွေက တော့ ဒုတိယအများဆုံးဖြစ်ပွားနေကြတာပါ။ မွန်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ သွေးလွန်တုပ်ကွေးရောဂါကို နှိမ်နင်းနိုင်ဖို့အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေး နှိမ်နင်းရေး လုပ်ဆောင်တာတွေလည်း ရှိနေပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့မှ ဦးဘိုဘိုဝင်း က “ဆေးသွားဖြန်းပြီဆိုရင် ဖြစ်တဲ့ အိမ်ရယ်၊ ပတ်ဝန်းကျင်က ၂ အိမ်လောက်ကိုဖြန်းတယ်။ အဲဒီမှာ ဘေးပတ်ဝန်းကျင် အိမ်တွေက သူတို့အိမ်တွေကိုကျတော့ ဘာလို့မဖြန်းရတာလဲ၊ ငါတို့အိမ်လည်း ကလေးရှိတာဘဲ ဆိုပြီး စိတ်ဆိုးပြီး သွားဖြန်းတဲ့အခါ ပတ်ဝန်းကျင်နဲ့ ပြဿနာတွေကြုံတယ်။ လိပ်စာအမှားတွေ ကိစ္စလည်း တော်တော်လေးရင်ဆိုင်ရတာတွေ ရှိခဲ့ပါတယ်။” သွေးလွန်တုပ်ကွေးရောဂါဟာ တစ်နှစ်ပတ်လုံးဖြစ်ပွားနေတဲ့ ရောဂါအမျိုးအစားလည်း ဖြစ်ပြီး အထူးသဖြင့် မိုးတွင်းကာလတွေဆိုရင် ပိုမိုအဖြစ်များပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတော့ တစ်နှစ်တာကာလအတွင်း မွန်ပြည်နယ် ၁၀ မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၉၈ ယောက်ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်ကတော့ ၅၂၉၃ ယောက်ရောဂါဖြစ်ပွားခဲ့ပါတယ်။
4 years Ago
More News
Up