မျက်နှာကို မိကျောင်းလှမ်းဟပ်ခံရပြီး သီသီလေးလွတ်သွားသူ၏ ထိတ်လန့်ဖွယ်ဖြစ်ရပ်

August 11, 2017

မျက်နှာကို မိကျောင်းလှမ်းဟပ်ခံရပြီး သီသီလေးလွတ်သွားသူ၏ ထိတ်လန့်ဖွယ်ဖြစ်ရပ် (ရုပ်သံ)

တောရိုင်းတိရစ္ဆာန်အရေး ကျွမ်းကျင်သူတဦးရဲ့ မျက်နှာကို ဆယ့်ငါးပေအရှည်ရှိ မိကျောင်းကြီးက ရေထဲကခုန်တက်ပြီး လှမ်းဟပ်လိုက်တဲ့ ထိတ်လန့်ဖွယ်ရုပ်သံ ထွက်ပေါ်လာပါတယ်။ သြစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေ ဒါဝင် တောရိုင်းဥယျာဉ်ထဲမှာ မိချောင်းထိန်းက လှေငယ်ပေါ်က ကြည့်နေစဉ် ရေထဲကနေ ခုန်တက်လာတဲ့ မိကျောင်းကြီးကို ရုပ်သံရိုက်ကူးခဲ့တာပါ။ ၅၀၀ ကီလိုဂရမ်လောက် အလေးချိန်ရှိတဲ့ အော်တစ်စ်ခေါ် မိကျောင်းကြီးက ရေထဲကနေ ဖြည်းဖြည်းချင်းကူးခတ်လာပြီး လှေအနီးအရောက် ရုတ်တရက် ခုန်တက် ဟပ်လိုက်တာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ မိကျောင်းကျွမ်းကျင်သူ မက်ရိုက်က မိကျောင်းကြီးရဲ့ လှုပ်ရှားမှုကို ရိုက်ကူးခဲ့ပြီး မိကျောင်းကြီးက သူနဲ့အတော်တော်နီးနီးကို ရောက်လာလို့ အထိတ်တလန့် အော်သံကို ကြားရသလို “မင်းဗိုက်ဆာနေတာလား” လို့ ဟာသလုပ် ပြောတာကိုလည်း တွေ့ရပါတယ်။ ရုပ်သံရိုက်ကူးခဲ့တဲ့ ရိုက်က မိကျောင်းတွေကို တကောင်တည်းပဲ လွှတ်ထားတာက ကောင်းကြောင်း မှတ်ချက်ပေးခဲ့ပြီး ဒီရုပ်သံကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် တင်ခဲ့တာပါ။ သူက မိကျောင်းတွေနဲ့ စိမ်းနေသူတဦးမဟုတ်ဘဲ ဒီအပတ်အစောပိုင်းတုန်းကလည်း ၈၀၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ မိကျောင်းကြီးရဲ့ပုံကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါသေးတယ်။ ၂၀၀၉ ခုနှစ်ကလည်း ၁၈ ပေအရှည်ရှိ မိကျောင်းကြီးကို ဖမ်းမိခဲ့သလို မိကျောင်းဥတွေကိုလည်း ကောက်ယူ စုဆောင်းခဲ့ပါသေးတယ်။ ရိုက်က တောရိုင်းသဘာဝကို ကာကွယ်ထိန်းသိမ်းဖို့ မြတ်နိုးပြီး နေရှင်နယ်ဂျီရိုဂရပ်ဖစ် (National Geographic) ရုပ်သံလိုင်းမှာ Outback Wrangler ဆိုတဲ့ ရုပ်သံအတွဲကိုလည်း သူရိုက်ကူးထားတာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up