“မျက်လုံးမှိတ်ပြီး အိပ်လိုက်တော့ သမီးရေ” သေခါနီး ကင်ဆာရောဂါသည်ကို ပြောခဲ့သည့် မိခင်၏ ကြေကွဲဖွယ်ရာအဖြစ်

July 31, 2017

“မျက်လုံးမှိတ်ပြီး အိပ်လိုက်တော့ သမီးရေ” သေခါနီး ကင်ဆာရောဂါသည်ကို ပြောခဲ့သည့် မိခင်၏ ကြေကွဲဖွယ်ရာအဖြစ်

အင်္ဂလန်နိုင်ငံ နော့သ်သမ်ဘာလန်ဒေသ၊ ဘလစ်သ်မြို့က အသက် ၁၂ နှစ်အရွယ် ကင်ဆာဝေဒနာသည်လေးကို ကင်ဆာရောဂါ ပြန်ဖြစ်နေပြီလို့ ပြန်ပြောအပြီး ၁၀ ရက်အကြာမှာပဲ အဲဒီကလေးငယ်ဟာ မိဘနှစ်ပါးရဲ့ လက်ပေါ်မှာ သေဆုံးခဲ့ပါတယ်။ စကိုင်းအေ့မန်ဆိုတဲ့ ကျောက်ကပ်ကင်ဆာ ဝေဒနာသည်လေးဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရောဂါကို အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီလအစောပိုင်း ရောဂါပြန်ဖြစ်ချိန်မှာတော့ သူတို့အနေနဲ့ ဘာမှမတတ်နိုင်တော့ဘူးလို့ ဆရာဝန်တွေက ပြောလိုက်တာပါ။ ကလေးမလေးရဲ့ မိခင်ဖြစ်သူ မီရှဲလ်က “ကျမ သမီးနဲ့အတူ အိပ်ရာပေါ်တက်လာတယ်၊ သမီးအဖေက သမီးကို ဖက်ထားတယ်၊ ပြီးတော့ သမီးလေးရေ၊ ဒီရောဂါကို သမီး ထပ်ပြီး တွန်းလှန်စရာ မလိုတော့ဘူး၊ မျက်လုံးတွေမှိတ်ပြီး အိပ်လိုက်တော့ သမီးရေ” လို့ ရောဂါဝေဒနာ ဆိုးဆိုးရွားရွားဖြစ်လာတဲ့ သမီးဖြစ်သူကို စိတ်ခိုင်ခိုင်ထားပြီး ပြောခဲ့တာပါ။ “ဖြစ်တာက သိပ်မြန်ဆန်လွန်းတယ်၊ ဒီလိုလုပ်ရတာက ကျမအတွက် လုပ်ခဲ့သမျှ အရာတွေထဲမှာ အခက်ခဲဆုံးတခုပါပဲ” လို့ မိခင်ဖြစ်သူ မီရှဲလ်က မျက်ရည်တွေနဲ့ ခရိုနီကယ်လိုက်ဖ် အွန်လိုင်းသတင်းကို ပြောခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ စကိုင်းဟာ နေအိမ်မှာ သူမ တွန်းလှန်နေရတဲ့ ကင်ဆာရောဂါဝေဒနာကို အရှုံးပေးလိုက်ရတယ်လို့ သိရပါတယ်။ “သမီးက အမြဲတက်ကြွပြီး လှပတဲ့မိန်းကလေးပါ၊ အမြဲလည်း ပြုံးပြုံးပဲနေတယ်၊ တကယ်ဖြစ်တယ်လို့ကို ခံစားလို့မရဘူး၊ သမီးနဲ့ အကြာကြီး အတူနေချင်ပေမယ့် သမီးရဲ့ခန္ဓာကိုယ်က ဒီရောဂါကို ထပ်ပြီး မတွန်းလှန်နိုင်တော့ဘူး” လို့ မိခင်ဖြစ်သူက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် စကိုင်း အသက် ၉ နှစ်အရွယ်မှာ ကျောက်ကပ်ကင်ဆာရောဂါ ခံစားခဲ့ရပြီး ဆေးဝါးတွေ မှီဝဲရာကနေ စကိုင်းဘဝ ကပြောင်းကပြန်ဖြစ်ခဲ့ရတာပါ။ ဆရာဝန်တွေက သူမရဲ့ရောဂါကို အဆင့် ၄ အနေနဲ့ တွေ့ရှိခဲ့ပြီး ဒီအခြေအနေက ကင်ဆာအကြိတ်တွေ အဆုတ်ထိ ပျံ့နှံ့နေပြီဆိုတဲ့ သဘောပါ။ စကိုင်းရဲ့ ကျောက်ကပ်ပေါ်က ရက်ဂ်ဘီဘောလုံးအရွယ်အစား ကင်ဆာကြိတ်ကို ခွဲစိတ်မဖယ်ရှားခင် စကိုင်းကို ကီမိုသရပီ ကင်ဆာကုထုံး ၆ ပတ် ကုခဲ့ရပါတယ်။ “အဲ့ဒါပြီးတော့ နောက်ထပ် ကီမိုသရပီနဲ့ ရေဒီယိုသရပီ ကင်ဆာရောဂါကုထုံးတွေနဲ့ ကုခဲ့ရပြီး အဆုတ်ပေါ်က အကြိတ်အသေးတလုံးကိုလည်း ဖယ်ရှားခဲ့ရတာ” လို့ မိခင်က ဆိုပါတယ်။ ပြန်ထူထောင်လာပြီး ၂၀၁၅ ဒီဇင်ဘာမှာ နောက်ဆုံးဆေးထိုးပြီးတော့ “ခရစ္စမတ်စ်မှာ အိမ်ပြန်ခွင့်ပြုတယ်၊ ပြီးတော့ ရောဂါသက်သာတယ်လို့ ဆရာဝန်တွေကပြောတယ်၊ ကလေးက ကြိုးစားပြီး ပုံမှန်ကလေးတွေလိုပဲ ပြန်နေတယ်၊ တကယ်ကို ရောဂါကိုနိုင်သွားသလိုပါပဲ” လို့ မိခင်ဖြစ်သူက ရှင်းပြပါတယ်။ ဒါပေမယ့် အခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ ရောဂါပြန်ဖြစ်ပြီး ဗိုက်ပြန်ရောင်လာကာ နာကျင်မှု ဝေဒနာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဆရာဝန်တွေက ကင်ဆာရောဂါ ပြန်ဖြစ်တယ်လို့ ပြောပြီး ဒီတကြိမ်တော့ သူတို့ ဘာမှ မတတ်နိုင်တော့ကြောင်း ပြောခဲ့တာပါ။ ဇူလိုင် ၁၇ ရက်နေ့မှာတော့ ကလေးကို အိမ်ပြန်ခေါ်လာပြီး မကြာခင်ပဲ ကလေးက မိသားစုတွေဝန်းရံထားတဲ့ကြားမှာ သေဆုံးခဲ့ရတာပါ။ စကိုင်းရဲ့ အသုဘကို ဇူလိုင် ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up