မျက်လုံးမပါသည့်ကလေးငယ်

April 26, 2018

မျက်လုံးမပါဘဲ မွေးဖွားလာသည့် ကလေးကြောင့် မိဘများ အံ့သြထိတ်လန့် (ရုပ်သံ)

နစ်ကိုးလ် မာတီနက်ဇ်နဲ့ ခင်ပွန်းဖြစ်သူ ခလာနီ ပရိုက်ရော်ဝဲရ်တို့ဟာ သူတို့ မွေးဖွားခဲ့တဲ့ ရင်သွေးလေးမှာ မျက်လုံးမပါဘူးလို့ ဆရာဝန်တွေက ပြောလိုက်တဲ့အချိန် အံ့သြထိတ်လန့်သွားခဲ့ကြပါတယ်။ လတ်တလောကာလမှာတော့ အမှန်တရားကို လက်မခံနိုင်သေးဘဲ မွေးရာပါ မျက်လုံးကန်းနေတဲ့ ရင်သွေးလေးနဲ့ ဘယ်လိုရင်ဆိုင်ကြရမလဲ ဆိုတာကို တွေးပူနေကြတာပါ။ ဆရာဝန်တွေကတော့ ဂျက်ဆင်လို့ အမည်ပေးထားတဲ့ ကလေးလေး ကိုယ်ဝန် ၃၂ ပတ်သား အချိန်ကတည်းက သူ့မှာ ဘယ်ဘက်မျက်လုံးအိမ် မပါတာကို စစ်ဆေးသိရှိထားခဲ့ကြတယ်လို့ မေရာသတင်းမှာ ဧပြီ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ ဒါပေမယ့် မွေးဖွားလာချိန်မှာတော့ ကလေးငယ်ရဲ့ ညာဘက်မျက်လုံးကပါ မဖွံ့ဖြိုးဘဲ ရှိနေခဲ့တာကို ကြုံခဲ့ကြရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ၇ ပေါင် ၁၂ အောင်စ အလေးချိန်ရှိတဲ့ ဂျက်ဆင်ကို ဆေးရုံ အထူးကြပ်မတ် ကုသဆောင်မှာ ထားရှိပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကလေးငယ် ကြီးပြင်းလာရင်တော့ မျက်လုံးကို ဖန်လုံးအစားထိုး ကုသနိုင်မှာ ဖြစ်ပေမယ့် လက်ရှိကာလမှာတော့ ရှင်သန်နေထိုင်မှုမှာ အထူးပြုစု စောင့်ရှောက်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် နစ်ကိုးလ်ကတော့ “ကိုယ်ဝန်ကို စကန်လုပ်တဲ့ အချိန်ကတည်းက တခုခု မှားယွင်းနေတာကို ကျမသိခဲ့တယ်။ ဆရာဝန်က ဂျက်ဆင်ရဲ့အကြောင်း ရှင်းပြဖို့လုပ်တယ်။ ကျမ ဘာမှနားမလည်ခဲ့ဘူး။ နောက်ဆုံးတော့ ကျမ မေးခဲ့တယ်။ ဒါက ဘာအဓိပ္ပါယ်လဲ ဆိုတာကို။ အဲဒီအချိန်မှာ ဆရာဝန်က ဂျက်ဆင်ရဲ့မျက်လုံးတွေ မပါဘဲ မွေးလာတာကို ပြောပြခဲ့တာပါပဲ” လို့ ပြောပါတယ်။ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တဲ့ ရင်သွေးလေးအတွက် မိဘတွေဟာ ဝမ်းနည်း စိတ်မကောင်းဖြစ်ရပေမယ့် အကောင်းဆုံး ပြုစုစောင့်ရှောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ခလာနီကတော့ “ဂျက်ဆင်ကို ဗိုက်ခွဲမွေးခဲ့ရတာပါ။ မွေးပြီးပြီးချင်း သူနာပြုတယောက်က သန့်စင်ဖို့ ယူသွားချိန်မှာ တခုခုမှားနေပြီဆိုတာကို ကျနော် ရိပ်မိခဲ့တယ်။ အားလုံးသိပြီးခဲ့ချိန်မှာ ကျနော့်မိန်းမ နစ်ကိုးလ်ကို ဘယ်လိုပြန်ပြောရမလဲဆိုတာ မတွေးတတ်အောင် ဖြစ်သွားခဲ့ရပြီး ဒါဟာ အခက်ခဲဆုံး အချိန်တချိန်ပါပဲ” လို့ ပြောပါတယ်။ သူတို့မှာ ရင်သွေးလေး ၂ ဦး ရှိနေသေးပြီး လက်ရှိမှာတော့ အနီးကပ် ပြုစုစောင့်ရှောက်မှုတွေနဲ့ ဆက်လက်စောင့်ရှောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဆရာဝန်တွေကတော့ ဂျက်ဆင့်မှာ လိုအပ်တဲ့ ခရိုမိုဆုန်းတွေ မပါဝင်ဘဲ မွေးဖွားလာတာမို့ ခုလိုဖြစ်ခဲ့ရပြီး ၂ လလောက်ကြာရင်တော့ မျိုးဗီဇဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်သွားရမယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ သူ့ကို တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်ပေးထားဖို့က အရေးအကြီးဆုံးပါပဲ။”
4 years Ago
Up