မျက်ရည်ယိုဗုံး

June 7, 2019

အတိုက်အခံ ဆန္ဒပြသူများကို မာလာဝီရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးသုံး ဖြိုခွင်း

မာလာဝီနိုင်ငံမြို့တော် လီလောင်ဝီမှာ ဇွန်လ ၆ ရက်နေ့က လက်နက်ကိုင် ရဲတပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေသုံးပြီး အတိုက်အခံ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။ မေလ ၂၁ ရက် မာလာဝီ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်လို့ အတိုက်အခံတွေက စွပ်စွဲပြီး သမ္မတ ပီတာ မူသာရီကာကို ရာထူးကနုတ်ထွက်ဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ မြို့တော် လီလောင်ဝီက လမ်းမတွေပေါ်မှာ ထောင်ချီတဲ့ အတိုက်အခံ ထောက်ခံသူတွေ စုဝေးခဲ့ကြပါတယ်။ ဆန္ဒပြပွဲ တတိယမြောက်နေ့မှာတော့ လူတစုဟာ သမ္မတအိမ်ရာဝန်းက တိုက်ခန်းတခန်းနဲ့ အစိုးရရုံးတရုံးကို ဝင်ရောက်စီးနင်းခဲ့ကြတယ်လို့ မျက်မြင်သက်သေတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ၂၀၁၄ ကတည်းက သမ္မတရာထူး ထမ်းဆောင်ခဲ့တဲ့ မူသာရီကာဟာ မေလ ၂၁ ရက်နေ့ ရွေးကောက်ပွဲမှာ နောက်တကြိမ် ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်လို့ အတိုက်အခံပါတီတွေက စောဒက တက်ခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က သမ္မတ မူသာရီကာ အနိုင်ရတယ်လို့ မေလ ၂၇ ရက်နေ့က အတည်ပြု ကြေညာခဲ့ပါတယ်။ ဆန္ဒပြသူ တော်တော်များများဟာ အတိုက်ခံပါတီ မာလာဝီ ကွန်ဂရက်ပါတီ (MCP) ကို ထောက်ခံသူတွေပါ။ သမ္မတ မူသာရီကာရဲ့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ရဲ့ ပြောခွင့်ရ အရာရှိတယောက်က MCP ပါတီဟာ နိုင်ငံတွင်း မတည်ငြိမ်မှုတွေကို  လှုံ့ဆော်ဖန်တီးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
2 years Ago

July 22, 2015

တူရကီတွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးသုံး ဖြိုခွဲ (ရုပ်သံ)

တူရကီရဲအဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ရေပိုက်တွေကို အသုံးပြုပြီး အစ္စတန်ဘူးလ်မြို့မှာ ဆန္ဒပြသူတွေကို ဇူလိုင် ၂၁ ရက်က လူစုခွဲခဲ့ပါတယ်။ ဆီးရီးယားနယ်စပ်က တူရကီမြို့မှာ အသေခံဗုံးခွဲမှု ဖြစ်ခဲ့တာကို မကျေနပ်တဲ့အတွက် ဆန္ဒပြသမားတွေဟာ ဇူလိုင် ၂၀ ရက်နေ့က ကန့်ကွက်နေခဲ့ကြတာပါ။ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ဆာရစ်မြို့ဟာ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အိုင်အက်စ်အဖွဲ့တွေ အသေအကျေတိုက်နေတဲ့ ကိုဘာနီမြို့ကနေ ၆ မိုင်လောက်ပဲ ဝေးတာပါ။ ယဉ်ကျေးမှုဌာနတခုရဲ့ အပြင်ဘက်က တိုက်ခိုက်မှုအတွင်း လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီကိစ္စကို မကျေနပ်တဲ့အတွက် ဆန္ဒပြသမားတွေဟာ အိုင်အက်စ်အဖွဲ့ ဆန့်ကျင်ရေး ပိုစတာတွေကို ကိုင်ဆောင်ပြီး တူရကီသမ္မတ အာဒိုဂန်နဲ့ အာဏာရပါတီ အေကေပါတီကို ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။ နောက်ဆုံးမှာ ရဲတွေ ရောက်လာပြီး မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ရေပိုက်တွေကို သုံးပြီး လူစုခွဲခဲ့ပါတယ်။ သမ္မတ အာဒိုဂန်ဟာ အိုင်အက်စ်အဖွဲ့ကို တားဆီးဖို့ ပျက်ကွက်တယ်လို့ တူရကီကာ့ဒ်တွေက ယုံကြည်ထားကြပါတယ်။ အခုလို ဆန္ဒပြပွဲတွေ အန်ကာရာမြို့မှာလည်း ပေါ်ပေါက်နေပါတယ်။
6 years Ago
Up