မျက်ခုံးမွေးဆွဲခဲတံ

June 13, 2018

ကားပေါ်အလှပြင်ချိန် မျက်လုံးကို မျက်ခုံးမွေးဆွဲခဲတံ စိုက်ဝင်ခဲ့သည့် မိန်းကလေး

ကြပ်ပိတ်လှတဲ့ ဘန်ကောက်မြို့ လမ်းမတွေပေါ်မှာ လှုပ်ရှားသွားလာနေရတဲ့ မိန်းကလေးတွေအဖို့ အလှပြင်ရမယ့်အချိန်ကို လုကာ အငှားကားပေါ် လိုက်လာရင်း အလှပြင်တတ်ကြတာဟာ ထုံးစံလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်မှာတော့ ခုလိုအပြုအမူအပေါ် ပြန်လည်သတိပြု ဆင်ခြင်စရာတခုအဖြစ် သုံးသပ်သင့်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇွန်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီမိန်းကလေးဟာ အငှားကားတစီးနဲ့ လိုက်ပါလာချိန်မှာ အလှပြင်နေခဲ့တာဖြစ်ပြီး အဲဒီအငှားကားက ရှေ့ကသွားနေတဲ့ ပစ်ကပ်ထရပ်ကားရဲ့ နောက်ပိုင်းကို မတော်တဆ ဝင်တိုက်မိခဲ့ချိန်မှာ သူမရဲ့ ဘယ်ဘက်မျက်လုံးကို မျက်ခုံးမွေးဆွဲခဲတံက စိုက်ဝင်သွားခဲ့တာပါ။ အနီးနားက အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေဟာ မိန်းကလေးကို ဆေးရုံဆီ အလျင်အမြန် ပို့ဆောင်ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေထဲက တဦးဖြစ်တဲ့ သနာဘိုဒီး ဆဘော်ဒီကတော့ ယာဉ်တိုက်မှုဟာ သိပ်ပြင်းထန်တာ မဟုတ်ပေမယ့် အငှားယာဉ်နောက်ခန်းမှာ လိုက်ပါလာတဲ့ မိန်းကလေးအဖို့တော့ အရှိန်ကြောင့် မျက်လုံးထဲ ခုလို စိုက်ဝင်သွားခဲ့ရတယ်လို့ ပြောပါတယ်။ ညနေပိုင်း ၅ နာရီခွဲလောက်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ မိန်းကလေးကို ဆေးရုံပို့ဆောင်ပေးခဲ့ရပြီး သူ့မျက်လုံးက သွေးသိပ်မထွက်ပေမယ့် ဆက်စပ်နေတဲ့ နှာခေါင်းကတော့ သွေးအနည်းငယ် ထွက်နေခဲ့တယ်လို့ သူက ဆိုပါတယ်။ ဆေးရုံကို ပို့ဆောင်ပြီးချိန်မှာတော့ ဆရာဝန်တွေက သူ့ရဲ့မျက်လုံး အဖြူရောင်အပိုင်းထဲ စိုက်ဝင်သွားခဲ့တဲ့ မျက်ခုံးမွေးဆွဲခဲတံကို ခွဲထုတ်ဖယ်ရှားပေးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up