မ္မကာယဘုန်းတော်ကြီးကျောင်း

July 25, 2021

ဘန်ကောက်ရှိ ဓမ္မကာယဘုန်းတော်ကြီးကျောင်းတွင် ဖယောင်းတိုင် သောင်းချီ ထွန်းညှိပူဇော်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အစွန်က ဓမ္မကာယဘုန်းတော်ကြီးကျောင်းမှာ ဇူလိုင် ၂၄ ရက်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးပုံ အကွက်ချပြီး ထောင်သောင်းချီတဲ့ ဖယောင်းတိုင်တွေနဲ့ မီးထွန်းညှိ ပူဇော်ခဲ့ပါတယ်။

 ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ပြည်သူတွေကို စိတ်ခွန်အားပေးဖို့နဲ့ သံဃာရတနာ ပေါ်ထွန်း တဲ့ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် ပူဇော်တာလည်း ဖြစ်ပါတယ်။

 မြတ်စွာဘုရားက ပဉ္စဝဂ္ဂီ ငါးပါးကို တရားဟောရာက ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ပေါ်ထွန်းလာတာကို ရည်စူးပြီး ဖယောင်းတိုင် စုစုပေါင်း ၃ သိန်းခွဲကို ထွန်းညှိ ပူဇော်ခဲ့တာပါ။

အဖြူရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ထောင်သောင်းချီတဲ့ ဝတ်ပြုသူတွေနဲ့ ကမ္ဘာတလွှား က သံဃာတော်တွေလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြောင့် အွန်လိုင်းကနေ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

 ဒါဟာ ခုလိုစိတ်ဖိစီးမှု များတဲ့ကာလမှာ ပြည်သူတွေအတွင်း စိတ်ငြိမ်းချမ်းမှုကို ရှာဖွေရာမှာ ကူညီမယ်လို့ မျှော်လင့်တယ်လို့ ဝပ်ဖရာ့ ဓမ္မကာယ ဘုန်းတော်ကြီးကျောင်း ဆက်ဆံရေးဌာန ညွှန်မှူး ဘုန်းတော်ကြီး ဆာနစ်ဝုန် ဝူထိဝမ်စိုက မိန့်ကြားပါတယ်။

 ဒီဘုန်းတော်ကြီးကျောင်းဟာ ကိုဗစ်နိုင်-၁၉ ကပ်ရောဂါ စတည်းက ဗုဒ္ဓဘာသာဆိုင်ရာ နေ့ထူးနေ့မြတ်တိုင်းမှာ ဖယောင်းတိုင်တွေကို ပုံစံ အမျိုးမျိုး ထွန်းညှိ ပူဇော်ခဲ့တာပါ။

 ဧပြီ ၂၂ ရက်က မြေကမ္ဘာနေ့မှာလည်း ကမ္ဘာကြီးပုံကို ဖယောင်းတိုင် အများဆုံး ထွန်းညှိ ခင်းကျင်း ပြသခဲ့လို့ ဂင်းနစ်ကမ္ဘာ့စံချိန် ဝင်ခဲ့ပါတယ်။

 ထိုင်းနိုင်ငံဟာ အပြင်းထန်ဆုံးနဲ့ ကာလအကြာဆုံး ကိုဗစ်-၁၉ ကူးစက်မှု လှိုင်းကို ရင်ဆိုင်နေရပါတယ်။

 ဇူလိုင် ၂၄ ရက်က တရက်တည်းမှာ ကူးစက်ခံ လူနာသစ် ၁၄၂၆၀ ရှိခဲ့ပြီး ကူးစက်ခံ ၁၁၉ ယောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံထားပါတယ်။

5 months Ago
Up