မုံရွာမြို့ သီရိရတနာဈေး မီးလောင်မှု ထပ်မံဖြစ်ပွား

January 11, 2016

မုံရွာမြို့ သီရိရတနာဈေး မီးလောင်မှု ထပ်မံဖြစ်ပွား (သတင်းဓာတ်ပုံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ သီရိရတနာဈေး (ဈေးဟောင်း) မှာ ဇန်နဝါရီ ၁၁ ရက် မနက် ၃ နာရီလောက်က ဒုတိယအကြိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ခန်းအလွတ် ၁ ခန်း ပျက်စီးသွားပါတယ်။ ဈေးနောက်တန်း နှစ်ထပ်တိုက်အပေါ်ထပ် ဈေးရုံအမှတ် ၇ ရှိ အခန်းအမှတ် ၁ ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မျက်နှာကျက်မှာ တပ်ဆင်ထားတဲ့ ၂ ပေမီးချောင်းက ဝါယာကြိုးတွေ ပူးကပ်လျှော့ဖြစ်ကာ ကူးစက်လောင်ကျွမ်းခဲ့တာလို့ မြို့နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။ မီးလောင်ကျွမ်းချိန် မိနစ် ၂၀ လောက်သာ ကြာမြင့်ခဲ့ပြီး မီးသတ်ကားနဲ့ ရေသယ်ယာဉ် ၄ စင်းနဲ့ မီးငြှိမ်းသတ်ရာ မနက် ၃ နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကလည်း အဲဒီဈေးနေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၅၆ ခန်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ဈေးရုံအုပ်ချုပ်ရေးတာဝန်ခံ ဈေးခေါင်း ဦးထွန်းကို မုံရွာမြို့မ အမှတ် ၁ ရဲစခန်းက ဒု-ရဲမှူးပြုံးလွင်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ နဲ့  အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ရန်နိုင်စိုး(မုံရွာ)  
6 years Ago
Up