မုံရွာမြို့နယ် ကျောက္ကာရေနံချက်ဖိုကုန်းတွင် တရက်တည်း မီး ၂ ကြိမ် လောင်ကျွမ်း

March 31, 2019

မုံရွာမြို့နယ် ကျောက္ကာရေနံချက်ဖိုကုန်းတွင် တရက်တည်း မီး ၂ ကြိမ် လောင်ကျွမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာရှိ ရေနံချက်ဖိုကုန်းမှာ မတ်လ ၃၀ ရက်နေ့ တရက်တည်းမှာ မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ “ပထမအကြိမ်ကတော့ မနက်ပိုင်း ၇ နာရီကျော်မှာဖြစ်တာပေါ့။ ရေနံစိမ်းငွေ့နဲ့ ချက်ဖိုမီးတွေ့ပြီး လောင်ကျွမ်းခဲ့တာ။ ၁၀ ပေ ပတ်လည်တိုင်ထောင်သွပ်မိုး အဆောက်အဦးတခုနဲ့ ဓာတ်ဆီ ၅ ဂါလန် ဆုံးရှုံးခဲ့တယ်။ နောက်တခုက ညနေ ၅ နာရီကျော်မှာဖြစ်တာ။ မနက်ပိုင်းနဲ့ ဖြစ်စဉ်တူ မီးလန့်တဲ့အဆင့်ပေါ့။ ဆုံးရှုံးမှုတော့ မရှိပါဘူး။ ၂ ခုလုံး ပေါ့ဆမီးတွေပါပဲ” လို့ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ အခုလအတွင်း ကျောက္ကာရေနံချက်ဖိုမှာ မီးလောင်မှု ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့တုန်းကလည်း ချက်ဖိုတခုမှာ ပိုက်ပေါက်တာကို မသိဘဲ ရေနံချက်ဖိုကန်ကို ရေနံစိမ်းထည့်နေတုန်း ရေနံစိမ်းစီးကျကာ ချက်ဖို မီးကြွင်းမီးကျန်နဲ့တွေ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်အတွင်း မုံရွာမြို့နယ်မှာ မီးလောင်မှုအနေနဲ့ ဇန်နဝါရီလက ၃ ကြိမ်၊ ဖေဖော်ဝါရီလက ၉ ကြိမ်၊ မတ်လမှာ ၅ ကြိမ် စုစုပေါင်း ၁၇ ကြိမ်ရှိပြီဖြစ်ပါတယ်။ ဒီမီးလောင်မှုအကြိမ်ရေထဲ အမှိုက်ပုံမီး၊ ကိုင်းတောမီးတွေကိုတော့ ထည့်တွက်ထားခြင်းမရှိပါဘူး။ အများသောအားဖြင့် မီးလောင်မှုတွေက ပေါ့ဆမီးကြောင့် အများဆုံးဖြစ်နေတာပါ။ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေး၊ ဖြစ်ပေါ်လာရင်လည်း ဆုံးရှုံးမှု နည်းပါးစေရေးတို့အတွက် မီးသတ်ဦးစီးဌာနက လုပ်ငန်းစဉ် ၇ ရပ်ကို အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်။ အခုနှစ်အတွင်းမှာလည်း မီးလောင်မှု လျော့နည်းစေဖို့ လက်ကမ်းစာစောင်ဝေငှတာ၊ အသိပညာပေးဟောပြောတာ၊ လက်တွေ့သရုပ်ပြတာ၊ ဈေး၊ ကျောင်း၊ ဆေးရုံ၊ ဌာနဆိုင်ရာတွေ လိုက်လံစစ်ဆေးတာတွေကိုလည်း ပုံမှန်လုပ်ဆောင်နေပြီး ရပ်ကွက်တွေမှာလည်း အသံချဲ့စက်နဲ့ ညစဉ်လှည့်လည်အသိပေးတာတွေ လုပ်ဆောင်နေတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ မုံရွာမြို့နယ်မှာ မြို့နယ်မီးသတ်စခန်း ၁ ခု၊ နယ်မြေ မီးသတ်စခန်း ၄ ခုရှိပြီး ဝန်ထမ်းအင်အား၊ ယာဉ်ယန္တရား လုံလောက်မှုရှိတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မုံရွာမြို့နယ်မှာ မီးလောင်မှုအကြိမ်ရေ ၃၈ ကြိမ်ဖြစ်ပွားခဲ့ကာ အများစုက ပေါ့ဆမီးကြောင့်ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၆၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
2 years Ago
Up