မုံရွာတွင် ဆန္ဒပြ

November 24, 2016

ပြည်တွင်းစစ် ရပ်တန့်ပေးရန် မုံရွာတွင် ဆန္ဒပြ

လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ပေးဖို့အတွက် မုံရွာမြို့မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်မှုကို မုံရွာမြို့ ရုံးကြီးရပ်ကွက် သာသနာ့ဗိမာန်ရှေ့မှာ မနက် ၉ နာရီအချိန်က စတင်ခဲ့တာဖြစ်ပြီး ပြည်တွင်းစစ်အမြန်ဆုံးရပ်ဖို့နဲ့ နိုင်ငံသားအချင်းချင်း ပစ်ခတ်ခြင်းကို ကန့်ကွက်ကြောင်း စသည့်ကြွေးကြော်သံတွေနဲ့ မြို့ခံ ၂၀၀ ကျော် ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ချီတက် ဆန္ဒထုတ်ဖော်တဲ့အထဲမှာ မုံရွာမြို့မှ သခင်ကိုယ်တော်မှိုင်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မုံရွာခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း၊ လက်ပံတောင်းတောင် ကယ်ဆယ်ရေးကော်မတီ၊ ဗမာလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ စတဲ့ အဖွဲ့အစည်းများမှ အဖွဲ့ဝင်တွေနဲ့ မြို့ခံပြည်သူတွေ ပူးပေါင်း ပါဝင်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှ မုံရွာမြို့ သာသနာ့ဗိမာန်မှ စတင်ပြီး မုံရွာမြို့ ဗိုလ်ချုပ် လမ်းမကြီးတလျှောက် ချီတက်ကာ မြို့တပတ် ဆန္ဒထုတ်ဖော်ပြီးနောက် မနက် ၁၁ နာရီတွင် စတင်ဆန္ဒထုတ်ဖော်သည့် မူရင်းနေရာမှာပင် ပြီးဆုံးခဲ့ပါတယ်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ နှစ်ဘက်အကျဆုံးများရှိခဲ့သလို အရပ်သားပြည်သူတွေလည်း အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ သတင်း - ရန်နိုင်စိုး
6 years Ago
Up