မုံရွာတွင် ဆိုင်ကယ်နှင့်ကားတိုက်၍ ၁ ဦးသေ၊ ကားသမားမောင်းနှင်ထွက်ပြေး

December 5, 2017

မုံရွာတွင် ဆိုင်ကယ်နှင့်ကားတိုက်၍ ၁ ဦးသေ၊ ကားသမားမောင်းနှင်ထွက်ပြေး

  မုံရွာမြို့ ပြည်ထောင်စုလမ်း ကွန်ပြူတာတက္ကသိုလ်အရှေ့ပေါက်အနီးမှာ ဒီဇင်ဘာ ၄ ရက် ည ၁၁ နာရီလောက်က ကားနဲ့ဆိုင်ကယ်တိုက်ရာမှ လူ ၁ ဦးသေဆုံးပြီး ကားမှာ ထွက်ပြေးမောင်းနှင်သွားတယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ ဒီပဲယင်းမြို့နယ်မှာနေထိုင်တဲ့ 125 Canbo အမျိုးစားဆိုင်ကယ်ကို မောင်းနှင်လာသူ ကိုနိုင်လင်းစိုး ဆိုသူဖြစ်ပြီး ဆိုင်ကယ်ခုံနောက်မှာလိုက်ပါလာသူ အမျိုးသမီးကတော့ မြောင်မြို့နယ်မှာနေထိုင်တဲ့ မစံပယ်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ မုံရွာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်အောင်ထိုက်က“မောင်းပြေးတဲ့ကားက ကားကြီးဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ကားမှာ တပ်ဆင်ထားတဲ့ လေအိုးက ပြုတ်ကျကျန်ရစ်ခဲ့တယ်။ ဆိုင်ကယ်ကလည်း အရှိန်ပြင်းမယ် ယူဆတယ်။ တိုက်တာလဲ တည့်မဖြစ်နိုင်ဘူး။ လေအိုးက ကားဘေးမှာ တပ်ဆင်ရတာဖြစ်တဲ့အတွက် ဆိုင်ကယ်က ဘေးကနေတိုက်တာဖြစ်မယ်လို့ ယူဆပါတယ်။ ဆိုင်ကယ်ဦးထုတ်ကလည်း နှစ်ယောက်စလုံးမပါဘူး။ မိန်းကလေးကတော့ ဒဏ်ရာအပြင်းထန်နဲ့ အတွင်းလူနာအဖြစ် မုံရွာပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ်။ ကားမောင်းတရားခံကို တပ်ဖွဲ့ဝင်တွေ အားလုံး ဖြန့်ပြီး ရှာဖွေနေပါတယ်"လို့ ပြောပါတယ်။ အခုလို ယာဉ်တိုက် လူသေဆုံးမှုနဲ့ပတ်သက်ပြီး လတ်တလောမှာတော့ ကားမောင်းနှင် ထွက်ပြေးသွားသူကို မုံရွာမြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မုံရွာမြို့ ပြည်ထောင်စုလမ်းမှာ ကုန်ကား၊ ကျောက်ကားစတဲ့ လော်လီကားကြီးတွေနဲ့ တခြား လူစီးခရီးသည်တင်ကားတွေ ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားတဲ့ လမ်းလည်း ဖြစ်ပါတယ်။ သတင်း - ရန်နိုင်စိုး
4 years Ago
Up