မဲဆောက်-မြ၀တီ

A d v e r t i s e m e n t With Us

October 1, 2015

မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်မှု မြင့်တက်

၂၀၁၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဘတ်ငွေ ၆၀ ဘီလီယံကျော် ရှိခဲ့ပါတယ်။ ဒီပမာဏဟာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကထက် ကုန်သွယ်မှုပမာဏ ၁၂ ဒသမ ၃ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့က အကြီးတန်း အကောက်ခွန်အရာရှိချုပ် ကစ်တီဆူ သီဆမ်ဖန်က ပြောပါတယ်။ အခု ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ နှစ်ချုပ်အစီရင်ခံစာအရ မဲဆောက်-မြ၀တီ ကုန်သွယ်မှုဟာ ဘတ်ငွေ ၆၆ ဒသမ ၈ ဘီလီယံရှိပြီး ခုလို တိုးတက်လာတာဟာ လာမယ့် ဒီဇင်ဘာလအတွင်း ဖြစ်လာမယ့် အာဆီယံ စီးပွားရေးအသိုက်အ၀န်းမှာ ပါဝင်နိုင်မယ့် အလားအလာကောင်းတွေ ဖြစ်စေပြီး မဲဆောက်-မြ၀တီ-ကော့ကရိတ် လမ်းပိုင်း ဖွင့်လှစ်ခဲ့မှုကြောင့်လည်း ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာက နယ်စပ်ကုန်သွယ်ရေးမှ နှစ်စဉ် ဘတ်ငွေ ဘီလီယံ ၁၀၀ မှ ၂၀၀ ကြားထိ တိုးတက်လာစေဖို့ မူဝါဒချမှတ်ခဲ့ပြီး မဲဆောက်ဒေသ နယ်စပ်အထူးစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်မှုဇုန်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စက်တင်ဘာ အစောပိုင်းမှာ ကြေညာခဲ့တာပါ။ မဲဆောက်-မြ၀တီ နယ်စပ်ဒေသဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှု အချက်အချာ နေရာတခုဖြစ်ပြီး အရှေ့-အနောက် စီးပွားရေးဆိုင်ရာ စင်္ကြန်လည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှု အနေနဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို မိုဘိုင်းဖုန်း၊ ဘီယာ၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေ တင်ပို့နေတာဖြစ်ပြီး မြန်မာနိုင်ငံဘက်က ကျွဲနွား၊ ပဲအမျိုးမျိုးနဲ့ တွင်းထွက်ပစ္စည်းတွေ တင်သွင်းနေတာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
5 years Ago
Up