မဲဆောက်-မြဝတီ အမှတ် ၂ တံတား ဘတ် သန်း ၃၉၀၀ ကုန်ကျခံ တည်ဆောက်မည်

July 1, 2015

မြန်မာဘက်မှ ထိန်းသိမ်းထားသည့် ထိုင်းဂက်စ်တင်ကား ၅ စီး ပြန်လွတ်

ပြီးခဲ့တဲ့ အပတ်က ကေအန်ယူနဲ့ ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ်တို့ ခေါ်ယူထိန်းသိမ်း ထားခဲ့တဲ့ ထိုင်းနိုင်ငံ ဆယမ်ဂက်စ်ကုမ္ပဏီပိုင် ဂက်စ်တင်ကား ၅ စီးဟာ ဇွန်လ ၃၀ ရက်နေ့က ပြန်လွတ်လာခဲ့ပါတယ်။ ထိုင်းဂက်စ် ကုမ္ပဏီလုပ်ငန်းရှင်ဟာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဘားအံမြို့မှာ သွားရောက်  တွေ့ဆုံညှိနှိုင်းအပြီး ခုလိုပြန်လွတ်လာတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ဇွန်လ ၂၅ ရက်နေ့က  ဆယမ်ဂက်စ်ကား ၅ စီးဟာ ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်ကနေ မြန်မာနိုင်ငံ မြ၀တီဘက်ကို တင်ပို့ရောင်းချဖို့  မြ၀တီချစ်ကြည်ရေးတံတားကို ကျော်ဖြတ်လာစဉ် သတ်မှတ်ထားတဲ့ တန်ချိန် ၂၅ တန်ထက် ပိုမိုတင်ဆောင်လာတာ တွေ့ရှိရတဲ့အတွက် ကေအန်ယူနဲ့ဘီဂျီအက်ဖ် ပူးပေါင်းတပ်တွေက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားမောင်းသမားနဲ့ ကားပေါ်လိုက်ပါလာသူတွေကိုတော့ ပြန်လွှတ်ပေးပြီး ကားကိုပဲ သိမ်းထားတာ ဖြစ်ပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းဟာ ထိုင်းဘက်ခြမ်း တာ့ခရိုင်နယ်မြေ ၂ အုပ်ချုပ်ရေးပိုင်းက ဂက်စ်တန်ချိန် ၅၀ အထိ သယ်ယူပို့ဆောင်ခွင့်ပြုထားတာမို့ သူတို့အနေနဲ့ သယ်ဆောင်ခဲ့တာလို့  လုပ်ငန်းရှင်တဦးက သတင်းထောက်ကို ပြောသွားပါတယ်။  
6 years Ago

June 7, 2015

မဲဆောက်-မြဝတီ အမှတ် ၂ တံတား ဘတ် သန်း ၃၉၀၀ ကုန်ကျခံ တည်ဆောက်မည်

ထိုင်း-မြန်မာ၊ မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဘတ်ငွေ သန်း ၃၉၀၀ အကုန်ကြခံတည်ဆောက်သွားမယ်လို့ ထိုင်းနိုင်ငံလမ်းပန်း ဆက်သွယ်ရေးတာဝန်ရှိသူက ပြောပါတယ်။ ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မစ္စတာ အာခွန်က ဇွန်လ ၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြဝတီ အမှတ် ၂ ချစ်ကြည်ရေး တံတားဆောက်ရေးလုပ်ငန်း စီမံကိန်းကို သွားရောက်လေ့လာခဲ့တာပါ။ ထိုင်းအစိုးရအနေနဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား အတွက် ဘတ် သန်း ၃၉၀၀ လောက် အကုန်ကြခံတည်ဆောက်သွားမယ်လို့ မစ္စတာ အာခွန်က ပြောပါတယ်။ “ဒီတံတားကို ဆောက်တဲ့ အခါမှာ ဘတ်သန်း ၃၉၀၀ လောက် ကုန်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီအထဲမှာ မြန်မာဘက်ခြမ်းကို ဘတ် သန်း ၁၀၀၀ လောက်အကူအညီပေးသွားမှာဖြစ်ပါတယ်။ တံတားရဲ့ ပန္နက်တိုင် စိုက်ထူပွဲကို ၇ လပိုင်းလောက်မှာဖြစ်နိုင်ပြီး နှစ်ဖက် ဝန်ကြီးချုပ်ကို ဖိတ်ခေါ်မယ်” လို့ ပြောပါတယ်။ တံတားရဲ့ အရှည် ၇၆၀ မီတ္တာ နဲ့ အကြယ် ၄၅၀ မီတာရှိပြီး ၂ နှစ်အတွင်း အပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီတံတားဟာ အဆီယံ လမ်းမကြီးနဲ့ အဓိက ဆက်သွယ်ထားမယ့် တံတာလည်းဖြစ်ပါတယ်။ တံတားပြီးသွားရင်တော့ နှစ်နိုင်ငံနယ်စပ်မှာ ကုန်သွယ်ရေးတွေ ပိုပြီးမြန်ဆန်လာမှာဖြစ်သလို နယ်စပ်စီးပွားရေး အတွက်လည်း ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ပြောပါတယ်။ မြန်မာဘက်က လမ်းပိုင်းကိုလည်း ကူညီတည်ဆောက်ပေးနေပြီး ၁၇ ကီလိုမီတာ လောက် တည်ဆောက်ပြီးစီးထားသလို နောက်ထပ် ၂၈ ကီလိုမီတာကို တိုးချက်တည်ဆောက်ဖို့ ရှိနေတယ်လို့ ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မစ္စတာ အာခွန်က ပြောပါတယ်။
6 years Ago
Up