မဲလ်ဘုန်းမြို့

August 2, 2020

မဲလ်ဘုန်းမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ သြဂုတ် ၂ ရက်က ကပ်ဘေးအဆင့် ကြေညာချက်ထုတ်ပြန်ပြီး မြို့တော် မဲလ်ဘုန်းအတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုထိန်းချုပ်ရေး အပြင်းထန်ဆုံး အသွားအလာ ကန့်သတ်ချက်လည်း ဖြစ်ပါတယ်။ သြစတြေးလျ ရဲ့ ဒုတိယအကြီးဆုံးမြို့ မဲလ်ဘုန်းမှာ သီတင်းပတ် ခြောက်ပတ်ကြာ အိမ်မှာနေဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားပြီးသား ဖြစ်ပေမယ့် အရင်အပတ်က ကူးစက်မှု စံချိန်တင် မြင့်တက်ခဲ့လို့ ထိန်းချုပ်ဖို့ ကြိုးစားနေရပါတယ်။ တနင်္ဂနွေ ညနေက စပြီး ည ၈ နာရီကနေ မနက် ၅ နာရီထိ နေ့တိုင်း ညမထွက်ရအမိန့်ကို ကျင့်သုံးမှာ ဖြစ်ပြီး မြို့တွင်း လူ ၅ သန်းနီးပါးဟာလည်း အလုပ်ကိစ္စ ဒါမှမဟုတ် ဆေးကုသခံဖို့ကလွဲလို့ အိမ်ထဲက မထွက်ဖို့ တားမြစ်ထားပါတယ်။ ဒါ့အပြင် မြို့ခံတွေ အိမ်ပြင်ထွက် လေ့ကျင့်ခန်းလုပ်ဖို့နဲ့ မဖြစ်မနေ ဈေးဝယ်ထွက်ဖို့ အချိန်ကိုလည်း ကန့်သတ်ထားပါတယ်။ ကျောင်းအားလုံးဟာလည်း သြဂုတ် ၅ ရက်ကစပြီး အဝေးသင်ပညာရေးကို ပြောင်းသင်ရတော့မှာပါ။ သြစတြေးလျရဲ့ ဒုတိယ လူအထူဆုံး ပြည်နယ် ဗစ်တိုးရီးယားမှာ တနင်္ဂနွေ တရက်တည်းမှာ ကူးစက်မှု အသစ် ၆၇၁ ယောက်ရှိပြီး ကူးစက်ခံ ၇ ယောက် သေဆုံးခဲ့ပါတယ်။
1 year Ago

January 14, 2020

မဲလ်ဘုန်းမြို့တွင် မီးခိုးမြူများကျနေသဖြင့် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မီးခိုးမြူထူတွေ ဇန်နဝါရီ ၁၄ ရက်က ရစ်သိုင်းနေလို့ ကျန်းမာရေးအရာရှိတွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မီးခိုးတွေကြောင့် လေထုအရည်အသွေးက အင်မတန် ညံ့ဖျင်းတဲ့ အခြေအနေကနေ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အခြေအနေထိ ရောက်နေတယ် ညတွင်းချင်းမှာပဲ ကမ္ဘာ့အဆိုးဆုံး လေထုအရည်အသွေးအဆင့်ကို ရောက်သွားမယ် ထင်တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးအရာရှိ ဘရတ်ဆွတ်တန်က မီဒီယာကို ပြောပါတယ်။ မိုးရွာခဲ့လို့ ဗစ်တိုးရီးယားပြည်နယ်ထဲက တောမီးလောင်မှု လျော့ပါးသက်သာသွားတဲ့အတွက် လာမယ့်ရက်တွေမှာ အခြေအနေ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လေးလကျော်ကြာ လောင်ခဲ့တဲ့ သြစတြေးလျ တောမီးကြောင့် လူ ၂၈ ယောက် သေဆုံးပြီး ထောင်နဲ့ချီတဲ့လူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ ဗြိတိန်နိုင်ငံ အကျယ်အဝန်းရဲ့ ထက်ဝက်လောက်ရှိတဲ့ မြေဧက ၂၇ ဒသမ ၇သန်း မီးသင့်လောင်ခဲ့ပြီး သားရိုင်းတိရစ္ဆာန် ကောင်ရေ သန်း ၈၀၀ လောက် သေဆုံးခဲ့တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
2 years Ago
Up