မဲလ်ဘုန်းမြို့

January 20, 2017

မဲလ်ဘုန်းမြို့တွင် လမ်းဘေး သွားလာနေသူများကို ကားတစီး အရှိန်ဖြင့် ဝင်တိုက်

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ်မှာ ဇန်နဝါရီ ၂၀ ရက်က အရှိန်နဲ့မောင်းလာတဲ့ ကားတစီး လမ်းဘေးသွားလာနေသူတွေကို ဝင်တိုက်ခဲ့တာကြောင့် လူ  ၃ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ကားတိုက်မှု မဖြစ်ခင်ကတည်းက အဲဒီကားဟာ မဲလ်ဘုန်းမြို့လယ်ခေါင် လူစည်ကားရာနေရာမှာ အရှိန်မလျှော့ဘဲ အပြင်းမောင်းလာခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ကားတိုက်မှုမဖြစ်ခင်လေးမှာ သေနတ်သံတသံကို ကြားခဲ့ရတယ်လို့လည်း သူတို့က ဆိုပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ သြစတြေးလျနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကစလို့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုများလာတဲ့အတွက် သြစတြေးလျရဲတပ်ဖွဲ့က အမြဲလိုလို သတိကြီးစွာထားပြီး စောင့်ကြည့်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကားသမားကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းနဲ့ ဒဏ်ရာရသူတွေကို ချက်ချင်းကုသနိုင်ရေးအတွက် မဲလ်ဘုန်းရှိ ဆေးရုံအားလုံးကို အရေးပေါ်အခြေအနေ သတ်မှတ်ထားကြောင်း မဲလ်ဘုန်းရဲတပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ပါတယ်။ မဲလ်ဘုန်းမြို့ဟာ အခုအခင်းဖြစ်နေရာအနီးမှာ နှစ်စဉ်ကျင်းပနေကြ “Astrilian Open Tennis” ပွဲကို လက်ခံကျင်းပနေပြီး တကမ္ဘာလုံးရှိ နာမည်ကျော်တင်းနစ်သမားတွေနဲ့အတူ အဲဒီပွဲကို လာရောက်ကြည့်ရှုသူ နိုင်ငံခြားသားဧည့်သည် အများအပြား ရောက်ရှိနေကြောင်း မဲလ်ဘုန်းကပေးပို့တဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
5 years Ago
Up