မဲလိမ်မှု

April 19, 2019

အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲတွင် မဲလိမ်မှုများ ပျံ့နှံ့နေဟု ပြိုင်ဘက် စွပ်စွဲ

အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ မဲလိမ်တာတွေ ပျံ့နှံ့နေတယ်လို့ လက်ရှိသမ္မတရဲ့ ပြိုင်ဘက် ပရာဘိုဝို ဆူဘီယန်တိုက ဧပြီ ၁၈ ရက်နေ့မှာ စွပ်စွဲ ပြောကြားလိုက်ပါတယ်။ တရားဝင်ထုတ်ပြန်တာမဟုတ်တဲ့ အရပ်ဘက် လူမှုသဘောထား စစ်တမ်းတွေအရ ဧပြီ ၁၇ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဝီဒိုဒိုက ထောက်ခံမဲ ၅၅ ရာခိုင်နှုန်းကျော် ရထားပြီး ပြိုင်ဘက် ပရာဘိုဝို ဆူဘီယန်တိုထက် ၁၀ ရာခိုင်နှုန်းကျော် အသာရနေတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်းတယောက်ဖြစ်တဲ့ ပရာဘိုဝိုဟာ သမ္မတရာထူးအတွက် ဝီဒိုဒိုကို နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်ခဲ့သူဖြစ်ပြီး သူက လူထုထောက်ခံမဲ ၆၂ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရတယ်လို့လည်း ကြွေးကြော်ခဲ့ပါသေးတယ်။ သမ္မတ ဝီဒိုဒိုကလည်း ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာခဲ့ပြီး မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမတ်နဲ့ တူရကီသမ္မတ တေရစ် အာဒိုဂန် အပါအဝင် နိုင်ငံခေါင်းဆောင် ၂၂ ယောက်ဆီက ဂုဏ်ပြုစကား ကြားခဲ့ရပြီးပြီလို့ ပြောပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ရလဒ်ကို ဆက်စောင့်ဖို့ ဝီဒိုဒိုက ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ဝီဒိုဒို အနိုင်ရတယ်လို့ အတည်ပြုလိုက်ရင် ဖွဲ့စည်းပုံ အခြေခံခုံရုံးကို တိုင်ကြားသွားမယ်လို့ ပရာဘိုဝိုရဲ့ ပြောခွင့်ရတယောက်က ဆိုပါတယ်။
2 years Ago
Up