မဲလက်မှတ်မှားယွင်းစွာထုတ်ပေး

November 4, 2020

ရေကြည်မြို့နယ်၌ မဲလက်မှတ်မှားယွင်းစွာထုတ်ပေးမိခဲ့သဖြင့် ပြန်လည်ဆန္ဒမဲပေးရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စုအတွင်းက မဲရုံမှာ မဲဆန္ဒရှင် ပြည်သူ ၁၇၀ ကျော်လောက်ကို မဲလက်မှတ်တွေ မှားယွင်းစွာထုတ်ပေးမိခဲ့လို့ အောက်တိုဘာ ၃၁ ရက်နေ့က ကြိုတင်မဲပေးတာ ယာယီရပ်နားထားခဲ့ရပါတယ်။  ကြိုတင်မဲပေးတဲ့ ၃ ရက်မြောက်နေ့မှာ မဲလက်မှတ် မှားယွင်းနေတာကို စတင်သတိပြုမိ ခဲ့တာဖြစ်ပြီး မှားယွင်းခဲ့တဲ့ မဲတွေအစား နိုဝင်ဘာ ၃ ရက်နေ့မှာ ပြန်လည်ပြီး ကြိုတင်မဲ ကောက်ယူ ခဲ့တယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ရေကြည်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသက်ဦးက ပြောပါတယ်။ “မှားတဲ့မဲစာရွက်တွေအစား ဒီနေ့မနက်ကနေ စပြန်ပေးရတယ် တိုင်းဒေသကြီးနေရာကို ပြန်ပေးတာ ပြီးသလောက်ဖြစ်သွားပါပြီ၊ အားလုံပုံမှန် အတိုင်းပဲပေးရတာပါ”လို့ ပြောပါတယ်။ မဲစာရွက်အမှားမှာ ကြိုတင်မဲပေးခဲ့မိတဲ့ ပြည်သူ ၁၇၁ ဦး တိုင်းဒေသကြီးမဲဆန္ဒနယ်အစားပြန် မဲပေးခိုင်းတာ ၁၆၃ ဦးပေးဖြစ်ခဲ့ပြီး ကျန်ခဲ့တဲ့ရက်တွေမှာတော့ ပုံမှန်အတိုင်းကော်မရှင်က ကြိုတင်မဲကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။ မဲစာရွက်မှားလို့ ပြန်လည်ဆန္ဒမဲပေးရတဲ့ ချောင်းဖျားကျေးရွာအုပ်စုမှာ ကြိုတင်မဲလာပေးတဲ့ သက်ကြီးရွယ်အိုတွေက တက်တက်ကြွကြွမဲပေးတာတွေ့ရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။ မဲစာရင်းစာရွက်မှားယွင်းမှုဖြစ်ပေါ်ခဲ့တဲ့ ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု မဲရုံမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၉၈၂ ဦးရှိပြီး အသက် ၆၀ ကျော်ကြိုတင်မဲပေးနိုင်သူ ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)
1 year Ago
Up