မဲရုံအမှတ် (၁)

November 8, 2020

ဖားဆောင်းမြို့ မဲရုံအမှတ် (၁) တွင် အမျိုးသမီး ၁ ဦး မဲ ၂ ကြိမ်ပေးမှုဖြစ်

ကယားပြည်နယ်၊ ဖားဆောင်းမြို့ တောင်ပိုင်းရပ်ကွက် မဲရုံအမှတ် (၁) မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး မဲ ၂ ကြိမ် ပေးမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီမျိုးသမီးဟာ ဒီကနေ့မနက်က မဲတခါပေးပြီးသွားပြီး အိမ်မှာ မသန်စွမ်းရှိလို့ ကိုယ်စားထည့်ဖို့ ပြောဆိုခဲ့ရာ ရပ်ကျေးကော်မရှင်က ပေးခွင့်မရှိတော့ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ မွန်းလွဲပိုင်း ၁ နာရီကျော်မှာ နောက်ထပ်ဝတ်စုံတခုနဲ့ ကိုယ်စား ဒုတိယတခု ထပ်လာပေးခဲ့တယ်လို့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးက ပြောပါတယ်။  သူဟာ ​အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ထည့်ပြီးမှ မဲရုံတာဝန်ကျဆရာမတဦးက မှတ်မိသွားကာ တိုင်တန်းလိုက်တဲ့အတွက် သူ့ကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီလို့ ဆိုပါတယ်။
1 year Ago

ဒဂုံမြို့နယ် မဲရုံအမှတ် (၁) တွင် ကြိုတင်မဲများ စတင်ရေတွက် (ဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မဲဆန္ဒနယ် (၁) ယောမင်းကြီးလမ်း မဲရုံ(၁) မှာ ကြိုတင်မဲပုံးတွေ စတင်ရေတွက်နေပါတယ်။ Photo - Ko Ye / MPA
1 year Ago

ပခုက္ကူ မဲရုံအမှတ် (၁) တွင် မဲအစောင်ရေ ၃၀ ခန့် မဲရုံမှူး လက်မှတ်မပါသဖြင့် ကန့်ကွက်စာတင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အမှတ် (၁) ရပ်ကွက် မဲရုံ အမှတ် (၁) မှာ မဲအစောင်ရေ ၃၀ လောက်အထိ မဲရုံမှူးရဲ့ လက်မှတ်မပါတာကြောင့် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာ တင်ထားတယ်လို့  သိရပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ မဲရုံကိုယ်စားလှယ် ဦးသန်းထွန်းက  “မနက် ၈ နာရီခွဲသာသာလောက်က ဖြစ်သွားတာပါ။ ကျနော်တို့ မဲရုံအလယ်ခေါင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာ မဲလက်မှတ်ပေးတဲ့ တာဝန်ကျ ၀န်ထမ်းကနေပြီးတော့ လက်မှတ်မပါဘူးဆိုတဲ့ အသံကြားလိုက်ပါတယ်။ ရေတွက်လိုက်တဲ့အခါမှာတော့ အစောင် ၃၀ လောက် ရှိမယ်လို့ ပြောပါတယ်။ နာရီဝက်လောက်ရှိတော့ ကျမ မဲပေးတုန်းက အဲ့လိုမျိုးလေး လက်မှတ်မပါတာ တွေ့လို့ပါဆိုပြီးတော့ ဘယ်လိုဖြစ်တာလဲမေးတာလည်း ကျနော်တို့ကြားတယ်”လို့  ပြောပါတယ်။ ဒီမဲတွေထဲမှာ ပါတီ ဘယ်နှခုကို မဲပေးထားတယ်ဆိုတာကတော့ မဲရေတွက်တဲ့အချိန်မှပဲ သိရမှာဖြစ်ပြီး မဲလက်မှတ် ၃၀ လောက် ဖြစ်နေတာကြောင့် ပါတီတွေအတွက် များစွာနစ်နာမှုရှိတယ်လို့  ဆိုပါတယ်။ လက်မှတ်မပါတဲ့ မဲက အရေအတွက်များတဲ့အတွက် အခုလို လွဲချော်မှုအပေါ်မှာ သံသယ ၀င်မိပြီး အရေးယူဖို့အပိုင်းကိုတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။   “ကျနော့်အထင်ကတော့ ဒီလောက်ကြီး များတာကိုက တစ်မဲ နှစ်မဲလောက်ဆိုရင်တော့ အကြောင်းမဟုတ်ဘူး၊ ချော်သွားလို့၊ အဲဒီလောက်ကြီးများတာကတော့ သံသယတော့ ၀င်မိပါတယ်။ အရေးယူတဲ့အပိုင်းမှာတော့ ကော်မရှင်နဲ့ ညှိနှိုင်းပြီး သတ်မှတ်ပြီးတော့မှပဲ ကျနော်တို့က ဆုံးဖြတ်ပိုင်ခွင့်တော့ မရှိပါဘူး။ ကျနော့်အနေနဲ့ ကန့်ကွက်ရမှာဖြစ်တာကြောင့် ကန့်ကွက်စာတင်ထားပြီး ဖြစ်ပါတယ်” လို့ ဦးသန်းထွန်းက ပြောပါတယ်။ ဒီလက်မှတ်မပါတဲ့ မဲတွေကို ပယ်မဲအဖြစ် သတ်မှတ်မယ်လို့လည်း မဲရုံမှူးက ပြောတယ်လို့ ဆိုပါတယ်။ သတင်း - ခင်ပြည့်စုံ၀င်း
1 year Ago
Up