မဲရုံမှူးအပါအဝင် ၇ ဦး

November 21, 2020

ဧရာဝတီတိုင်းတွင် မဲရုံမှူးအပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားမဲပေးခဲ့တာနဲ့ပတ်သက်ပြီး မဲရုံမှူးအပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေတွေနဲ့ အရေးယူထားတယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲဥပဒေအပါဝင် ရာဇသတ်ကြီးဥပဒေနဲ့ အရေးယူခံထားရသူတွေဟာ ကိုယ်စား မဲပေးခဲ့သူ ၅ ဦးနဲ့ မဲ ၂ ကြိမ်ပေးခဲ့သူ၊ မဲပေးခန်းနဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့သူတို့ပါဝင်တယ်လို့ သိရပါတယ်။ ကိုယ်စားမဲပေးလို့ အရေးယူခံထားရတဲ့သူတွေကတော့ သာပေါင်းမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်တို့ကဖြစ်ပြီး မဲ ၂ ကြိမ်ပေးတာနဲ့ မဲပေးခန်းနဲ့ ပစ္စည်းတွေ ဖျက်ဆီးတာကြောင့် အရေးယူထားတာက လေးမျက်နှာမြို့နယ်က ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်စားမဲပေးတာနဲ့ မဲ ၂ ကြိမ်ပေးတာခွင့်ပြုပေးလို့ အရေးယူခံထားရသူတွေက သာပေါင်း မြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးနဲ့ မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးရွာ မဲရုံ ၂ မဲရုံမှူးတို့ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်စားမဲပေးတာ၊ မဲပေးဖို့အတွက်ခွင့်ပြုတာ မဲပေးခန်းနဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို သက်ဆိုင်ရာနယ် မြေရဲစခန်းတွေမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈/၅၉ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ကော်မရှင်ကထုတ်ပြန်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up