မဲရုံတာ၀န်ကျ ၀န်ထမ်းများ

November 14, 2020

ခေါင်လန်ဖူး မဲရုံတာ၀န်ကျ ၀န်ထမ်းများစီးလာသည့်ကား ‌တိမ်းမှောက်

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံတာ၀န်ကျနေတဲ့ ကျောင်းဆရာ၊ ဆရာမတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစီး နို၀င်ဘာ ၁၄ ရက်‌နေ့မနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   ရီးဒမ်းရွာဘက်ကနေ တက်လာတဲ့ ကျောင်းဆရာ၊ ဆရာမ ၆ ဦးနဲ့ ဒေသခံ ၃ ဦးတို့ စီးနှင်းလိုက်ပါလာတဲ့ Parjero ကားဟာ ဆန်လုတ်ချက်တောင်ထိပ်နား ပူတာအိုဘက်ခြမ်းမှာ ဘရိတ်ပေါက်ပြီး မှောက်သွားတာလို့ ဒေသခံ ဦးချန်းဂျော်ရမ်က ပြောပါတယ်။ ကားက ကမ်းပါးယံကိုတိုက်ပြီး ကားလမ်းပေါ် တိမ်းမှောက်ခဲ့တာဖြစ်ပြီး စီးနင်းလိုက်ပါလာသူတွေ ကြီးမားတဲ့ဒဏ်ရာတွေ မရရှိခဲ့ဘဲ အကုန်လုံးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ‌ပူတာအို-ခေါင်လန်ဖူး သွားတဲ့ ကားလမ်းတွေဟာ အတက်ရော အဆင်းပါ လမ်း အရမ်းကြမ်းတာကြောင့် သွားရတာ အခက်အခဲရှိတယ်လို့ ဦးဂျော်ရမ်က ပြောပါတယ်။ ပူတာအို-ခေါင်လန်ဖူးလမ်းမှာ ခုလို ကားတိမ်းမှောက်နေတဲ့အတွက် အတက်၊ အဆင်း ကားတွေ လမ်းပိတ်နေ‌တယ်လို့ သိရပါတယ်။ သတင်း - ဖေနောင်းအောင်(ပူတာအို)၊ ဓာတ်ပုံ - ကိုဆန်နိုင်ဖုန်းဖုန်
2 years Ago
Up