မဲရုံတာဝန်ကျ သားဖွားဆရာမ

November 13, 2020

ရေစကြိုမြို့နယ်၌ မဲရုံတာဝန်ကျ သားဖွားဆရာမ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ 

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာက မဲရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သားဖွား ဆရာမတစ်ဦးမှာ နိုဝင်ဘာ ၁၃ ရက်က ကိုဗစ်-၁၉  ရောဂါပိုး စစ်ဆေးတွေ့ရှိပါတယ်။ သားဖွားဆရာမဟာ အနံ့ပျောက်နေတာကြောင့် Test Kit နဲ့စစ်ဆေးရာကနေ ပိုးတွေ့ရှိကြောင်းသိရတာလို့ ရေရစကြိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး၊ သတင်းမှန်ထုတ်ပြန်ရေးနှင့် ၂၄ နာရီ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဒုဥက္ကဋ္ဌ ကိုဝေယံအောင်က ပြောပါတယ်။ “ကွာရန်တင်းဝင်နေတဲ့သူထဲက မဟုတ်ဖူးဗျ။ အပြင်ကဘဲဗျ၊ သူက ပခုက္ကူလည်း သွားထားသေးတယ်။ ရေစကြိုအနေအထားကတော့ contacts နည်းတယ်ပေါ့နော်။ ဒါပေမဲ့ ကြီးကန်ကျေးရွာက မဲရုံမှာလည်း တာဝန်ထမ်းဆောင်ထားသေးတယ်လို့ သိရပါတယ်ဗျ၊ အနံ့ပျောက်နေတာက ၃ရက်လောက်တော့ရှိပြီပေါ့နော် နှာခေါင်းပိတ်တယ်ဘဲထင်နေတာဒီနေ့မှ သေချာလာစစ်တော့မှသိရတာပေါ့။” အခုအချိန်မှာပိုးတွေ့သူကို ရေစကြိုမြို့နယ် ပြည်သူဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပြီ ဖြစ်တယ်လို့သိရပါတယ်။  အခုပိုးတွေ့ရှိသူဟာ ရေစကြိုမြို့နယ်မှာ တတိယမြောက်ပိုးတွေ့ရှိသူဖြစ်ပါတယ်။ ပထမပိုးတွေ့သူနဲ့ ဒုတိယပိုးတွေ့ရှိသူ တွေဟာ ဆေးရုံဆင်းသွားကြပြီ ဖြစ်ပါတယ်။ ပိုးတွေ့သူရဲ့ မိသားစုနဲ့ ထိစပ်သူစုစုပေါင်း ၄ ဦးကို စစ်ဆေးရာမှာတော့ ပိုးမတွေ့ရှိရဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “မဲရုံမှာပြင်ပတာဝန်ကျတာ Mask ဝေတာကို သူကကြီးကြပ်တာ။ သူကိုယ်တိုင်ဝေတာ မဟုတ်ဘူး။ ပိုးတွေ့သူရဲ့အမျိုးသားနဲ့ သူ့သားလေးကိုစစ်လိုက်တော့ ပိုးမတွေ့ဘူး။ ပိုးမတွေ့ပေမယ့် ဆေးရုံအုပ်ကြီးရဲ့ညွှန်ကြားချက်အရ မဟာစည် ကွာရန်တင်းစင်တာမှာထားလိုက်ပြီ။ ပိုးတွေ့သူ ကိုတော့ ဆေးရုံသီးသန့်ဆောင်မှာထားလိုက်ပြီ။ သူနဲ့စပ်ဆက်တဲ့ ကျောင်းဆရာမနဲ့သားဖွားဆရာမ နှစ်ယောက်ကိုလည်း စစ်လိုက်တော့ ပိုးမတွေ့ဘူး၊ သူတို့ နှစ်ယောက်ကိုတော့ ဆေးရုံအုပ်ကြီးရဲ့ ညွှန်ကြားချက်နဲ့ သူတို့အိမ်မှာ ၁၄ ရက် ကွာရန်တင်းထားလိုက်တယ်” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက ပြောပါတယ်။ လတ်တလော ရေစကြိုမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့သူ တစ်ဦးထဲရှိတာ ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ ရန်ကုန်နဲ့ တခြားမြို့တွေကနေပြန်လာပြီးတော့ ကွာရန်တင်းစင်တာမှာ နေထိုင်နေသူ ၂၆ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ရန်ကုန်မြို့သို့ ပေးပို့စစ်ဆေးထားပြီး အဖြေကို မသိရသေးပါဘူး။  သတင်း - အိဝါမောင်
2 years Ago
Up