မဲရုံကိုယ်စားလှယ်များ

November 6, 2020

ကိုယ်စားလှယ်လောင်းများနှင့် မဲရုံကိုယ်စားလှယ်များ မဲရုံအတွင်း ပါတီရင်ထိုးတပ်ခွင့်ရှိ 

ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံကိုယ်စားလှယ်တွေဟာ မဲရုံတွင်း ရင်ထိုးတံဆိပ် တပ်ဆင်ခွင့်ရှိပါတယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ “ပါတီရင်ထိုး တပ်ခွင့်ပေးရတာဟာ မဲရုံအတွင်း တာဝန်ထမ်းဆောင်သူ ဘယ်သူဟာ ဘယ်ပါတီကမှန်း‌သဲသဲကွဲကွဲသိမှ ဖြစ်မှာမို့ပါ။ နိုဝင်ဘာ ၄ နေ့က ပြည်ထောင်စုကော်မရှင်အဖွဲ့ဝင်က လားရှိုးမြို့ထဲကမဲရုံတွေကိုလိုက်စစ်ရင်းလည်း တပ်ဆင်လို့ရကြောင်းပြောသွားပါတယ်”လို့ ခရိုင် ကော်မရှင် အဖွဲ့ဝင် ဦးတင်မောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။ ရွေးကောက်ပွဲ‌ကျင်းပတဲ့နေ့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ မဲရုံကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာပါတီရင်ထိုးတွေသာတပ်ဆင်ခွင့်ရှိပြီး၊ အမျိုးသားဝတ်စုံ တိုင်းရင်းသားဝတ်စုံကိုသာ ဝတ်ဆင်လာကြဖို့ အောက်တိုဘာ ၂၈ နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကညွှန်ကြားထားတယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း တစ်ဦး က ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံအတွင်းနဲ့ မဲရုံမှ ကိုက် ၅၀၀ အကွာအတွင်းမှာ မဲဆွယ်သဘောသက်ရောက်တဲ့ ပါတီတွေရဲ့ အလံတွေ၊ အမှတ်အသားပါတဲ့ ဝတ်စားဆင်ယင်မှု၊ Mask၊ ဦးထုပ်၊ faceshield နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို ခွင့်မပြုကြောင်း ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ထားပါတယ်။ သတင်း - နန်းစပယ်
1 year Ago
Up