မဲရုံကိုယ်စားလှယ်တဦး

November 1, 2020

ဝိုင်းမော်မြို့တွင် အန်အယ်လ်ဒီပါတီ မဲရုံကိုယ်စားလှယ်တဦး အမှုဖွင့်ခံရ

ဝိုင်းမော်မြို့နယ် မဲရုံတခုမှာ စောင့်ကြည့်ရေးအဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေမပါဘဲ တဦးတည်း မဲပုံးမှာ ကပ်ထားတဲ့တိပ်ကို ခွာခဲ့တယ်ဆိုပြီး အန်အယ်လ်ဒီပါတီရဲ့ မဲရုံကိုယ်စားလှယ်တဦး ပုဒ်မ ၅၉(င) နဲ့ အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ် အမှတ် ၄ ရပ်ကွက်က မဲရုံမှာ အောက်တိုဘာ ၂၉ ရက်က ကောက်ယူထားတဲ့ ကြိုတင်မဲပုံး တိပ်ကို အောက်တိုဘာ ၃၀ ရက် မနက်မှာ ခွာခဲ့တာလို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။ "မနက် ၇ နာရီမှ  သက်ဆိုင်ရာတွေနဲ့ ဖွင့်ဖောက်ရမယ့် ကြိုတင်မဲပုံးကပ်ထားတဲ့တိပ်ကို အန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ်တဦးက မနက် ၆ နာရီ ၄၅ မှာ  ခွာပြီး ဖွင့်သွားတယ်။ အဲ့ဒါကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်က တွေ့လို့ တိုင်တယ်။ အထဲမှာ ၂၉ ရက်နေ့က မဲတွေရှိတယ် သူ့ကို ဘာရည်ရွယ်ချက်နဲ့ ဖွင့်လဲဆိုတာ မေးလို့မရဘူး။" ကြိုတင်မဲပုံးခွာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်နေ့ညမှာ  ဝိုင်းမော်မြို့နယ်ကော်မရှင်က နှစ်ဘက် စေ့စပ်ညှိနိူင်းရေး လုပ်ပေးခဲ့ပေမဲ့ ပြေလည်မှု မရရှိတာကြောင့် NLD ပါတီရဲ့ မဲရုံကိုယ်စားလှယ်ကို ရွေးကောက်ပွဲဥပဒေ-၅၉/(င)  အရ ဝိုင်းမော်ရဲစခန်းမှာ အမှုဖွင့်ထားတာလို့  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဆိုပါတယ်။ ဝိုင်းမော်မြို့နယ်ရဲမှူးသိန်းကျော်က “ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၉ (င) နဲ့ ရပ်ကျေးကော်မရှင်က တရားလိုလုပ်ပြီး အမှုဖွင့်တာဖြစ်ပါတယ်။ အာမခံပေးလို့ရတဲ့ အမှုမို့လို့ အာမခံပေးထားတယ်” လို့ ပြောပါတယ်။ မဲလက်မှတ်ထည့်ထားတဲ့နေရာဟာ ကန့်သတ်နယ်မြေဖြစ်တဲ့အတွက် မဲရုံစောင့်ကြည့်ရေးကိုယ်စားလှယ်တွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန် မရောက်ခင်မှာ ကြိုတင်မဲပုံးထားတဲ့နေရာကို မဝင်ဖို့ ကိုယ့်သဘောနဲ့ကိုယ် မလုပ်ဆောင်ကြဖို့ ကော်မရှင်က သတိပေးထားတယ်လို့ သိရပါတယ်။ အန်အယ်လ်ဒီပါတီ ဝိုင်းမော်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇယ်ခေါင်က "အမူဖွင့်ခံရတဲ့ သူပြောပြတာက ပထမရက်မှာ မဲထည့်တယ်၊ မဲပုံးမှာ အားလုံးရှိနေချိန် သူ အပါအဝင် မဲပြားထည့်တဲ့အပေါက်မှာ တိပ် နဲ့ ကပ်ထားခဲ့တယ်။ အဒီမနက်မှာ မဲရုံကိုယ်စားလှယ် တွေရောက်ပြီ မဲထည့်သူတွေလည်းရောက်ပြီဆိုပြီး သဘောရိုးနဲ့ မဲထည့်ဖို့ သူတို့ကပ်ထားတဲ့ တိပ်ကိုခွာခဲ့တာတာ။ သူမရှိတဲ့အချိန်မှာ မဲထည့်လုပ်ငန်းကစနေပြီ။ နေ့လယ်ပိုင်းကျမှ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်က ကြားပြီး တိုင်တဲ့အတွက် အမှုဖွင့်တာပါ။ အမှုဖွင့်ခံရတာက NLD ရပ်ကျေးထဲ ကပါပဲ။ ဘယ်သူမှ မရှိခင် မဲပုံးတိပ်ကိုခွာတာမဟုတ်ဘူး၊ ဘယ်သူမှ မရှိရင် ဒီမဲရုံ ဘယ်သူက လာဖွင့်မှာလဲ။ သူ့လက်ထဲ သော့မှမရှိတာ ဘယ်သူမှမရှိဘူးဆိုတာကိုတော့ လက်မခံဘူး" လို့ ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ရဲ့ ကြိုတင်မဲရုံတခုရှေ့ ကိုက် ၅၀၀ အတွင်းမှာလည်း ကားတစ်စီးပေါ် ပါတီတစ်ခုရဲ့ တံဆိပ်တွေတပ်ထားပြီး ဒီပါတီကိုမဲပေးပါဆိုပြီး မဲဆွယ်နေတာမျိုးတွေ တွေ့မြင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ အသုံးပြုဆဲမဲပုံးကို အခွင့်အာဏာမရရှိဘဲ ဖွင့်လှစ်ခြင်း၊ ဆန္ဒမဲလက်မှတ် ဒါမှမဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်ကို ဖျက်ဆီးခြင်း ပုဒ်မ ၅၉(င) ဟာ  ငွေဒဏ် ၁ သိန်းဖြစ်စေ၊ ထောင်ဒဏ် ၁ နှစ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ သိရပါတယ်။ သတင်း- မီးမီး၊ ထူးထူး(ဗိုလ်ကလေး)
1 year Ago
Up