မဲရုံ

November 9, 2020

မင်းလှမြို့ မဲရုံ ၁၁၇ ရုံအနက် ၁၁၅ ရုံတွင် အန်အယ်လ်ဒီအနိုင်ရ

ပဲခူးတိုင်းသာယာဝတီခရိုင် မင်းလှမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၁၇ ရုံရှိပြီး အန်အယ်လ်ဒီက အပြတ်အသတ်နိုင်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့ မနက် ၄ နာရီလောက်ထိ ရေတွက်ပြီးသား ဆန္ဒမဲတွေကို လာပို့နေတဲ့အတွက် မြို့နယ်ကော်မရှင်ရုံးမှာ စစ်ဆေးရေတွက်နေရတယ်လို့ အန်အယ်လ်ဒီ အောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ မဲရုံ ၁၁၇ ရုံရှိတဲ့အနက် အန်အယ်လ်ဒီက ၁၁၅ ရုံမှာ အနိုင်ရရှိပြီး အမှတ် (၁) ခြေလျင်တပ်ရင်း စစ်သည် မိသားစုတွေ မဲပေးတဲ့ မဲရုံနဲ့ ပေါက်ကုန်ကျေးရွာ မဲရုံတို့မှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသွားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုမျိုးမင်းအောင်က ပြောပါတယ်။ မင်းလှမြို့နယ်မှာ ပါတီ ၄ ခုဝင်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်အားလုံး အနိုင်ရရှိသွားတယ်လို့ မင်းလှမြို့နယ်ကော်မရှင်ရုံးက သိရပါတယ်။ ၂၀၁၅ ပါတီစုံ ဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲတုန်းကလည်း NLD ပါတီကပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သတင်း - သက်နိုင်ဝင်း
7 months Ago

November 8, 2020

ပန်းဘဲတန်းမြို့နယ် မဲရုံ ၃ ခုတွင် ဆန္ဒမဲလက်မှတ်များ စတင်ရေတွက် (ဓာတ်ပုံ)

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် မဲရုံအမှတ် (၁)၊ (၂) နှင့် (၃) တို့မှာ ဆန္ဒမဲလက်မှတ်တွေ စတင်ရေတွက်နေပါတယ်။ Photo - Ye Myo Khant / MPA
7 months Ago

မဲရုံအားလုံးနီးပါး ကိုဗစ်-၁၉ ကာကွယ်ရေးအစီအမံများ ပြည့်စုံဟု PACE အဖွဲ့ပြော

မဲရုံအားလုံးနီးပါးမှာ ကိုဗစ်-၁၉ ကူးစက်တာကို ကာကွယ်ဖို့ အစီအမံတွေ ပြည့်ပြည့်စုံစုံ ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ပြောပါတယ်။ ရွေးကောက်ပွဲကို တနိုင်ငံလုံးမှာ စောင့်ကြည့်လေ့လာနေတဲ့ PACE က ဒီနေ့အခြေအနေကို ကနဦး ထုတ်ပြန်လိုက်တာဖြစ်ပြီး မဲပေးခွင့်ရှိသူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ဟာ ကြိုတင်မဲ ပေးပြီးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ မဲရုံ ၉၈ ရာခိုင်နှုန်းမှာ လက်သန့်ဆေးရည်တွေ၊ ၉၃ ရာခိုင်နှုန်းမှာ နှာခေါင်းစည်းတွေ၊ ၈၇ ရာခိုင်နှုန်းမှာ ကိုယ်အပူချိန်တိုင်းတာ၊ ၈၄ ရာခိုင်နှုန်းမှာ လူချင်းခပ်ခွာခွာနေဖို့ အမှတ်အသားတွေနဲ့ ၂၃ ရာခိုင်နှုန်းကတော့ လက်အိတ်တွေပါ ဝေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ တကယ်တော့ အစိုးရရဲ့ အစီအစဉ်နဲ့ မဲပေးသူအားလုံးကို ပေးဝေဖို့ နှာခေါင်းစည်းတွေကို တရုတ်နိုင်ငံက မှာယူထားခဲ့တာကြောင့် မဲရုံတိုင်းမှာ ဘာကြောင့် မဝေလဲနိုင်လဲ ဆိုတာကတော့ မသိရသေးပါဘူး။ ထူးခြားတာကတော့ မဲရုံတွေရဲ့ ၇ ရာခိုင်နှုန်းမှာ ကိုယ်အပူချိန်မြင့်နေတဲ့သူတွေ ဆန္ဒမဲပေးနိုင်ဖို့ သီးခြားနေရာတွေ စီစဉ်ပေးထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ပြီးတော့ မဲရုံတွေရဲ့ သုံးပုံတပုံအောက် ၂၇ ရာခိုင်နှုန်းကပဲ ဘီးတပ်ကုလားထိုင်နဲ့ လာဖို့ လွယ်ကူတာကိုတွေ့ရပြီး ၁၃ ရာခိုင်နှုန်းလောက်ကပဲ ဘီးတပ်ကုလားထိုင်နဲ့လာသူတွေ မဲပေးဖို့ လွယ်အောင် ဆန္ဒပြုခန်းတွေ လုပ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ မဲရုံအများစုဟာ ပုံမှန် ဖွင့်ရမယ့်အချိန်မှာဖွင့်ကြပြီး ပစ္စည်းပစ္စယ စုံလင်တာကို တွေ့ရသလို ၇ ရာခိုင်နှုန်းမှာတော့ မဲပေးတာမစခင်မှာ ကြိုတင်မဲပုံးတွေ ရောက်မလာခဲ့ဘူးလို့ ဆိုပါတယ်။ PACE အဖွဲ့ဟာ တနိုင်ငံလုံးမှာ စောင့်ကြည့်သူ ၁၈၈၈ ယောက်နဲ့ တိုင်းနဲ့ပြည်နယ် ၁၄ က ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတာ ဖြစ်ပါတယ်။ Photo : People's Alliance for Credible Elections - PACE
7 months Ago

လေးမျက်နှာမြို့နယ်တွင် မဲရုံနှင့်မဲပုံးအချို့ ဖျက်ဆီးခံရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက ရွာတရွာမှာ မဲရုံနဲ့ မဲပုံးတချို့ မနေ့က ဖျက်ဆီးခံခဲ့ရပါတယ်။ ခြောက်ဆယ်ကျေးရွာအုပ်စု၊ လက်ပံကုန်းရွာမဲရုံမှာဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ ပုံမှန်မဲပေးနေတယ်လို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ကြင်ဌေးက ပြောပါတယ်။ “မဲရုံမှူး ကျောင်းဆရာလေးက ကြိုတင်ပြင်ဆင် သန့်ရှင်းရေးလုပ်ဖို့ မဲရုံလုပ်ထားတဲ့ ကျောင်းထဲကို သွားတာ။  ကျောင်းဝင်ဝနားက ဂိတ်ရုံလို့ ပြောရမှာပေါ့၊ ခဏနားတဲ့နေရာ၊ ဝါးနဲ့လုပ်ထားတဲ့ ရုံလေး ဖျက်ခံထားရတယ်။ ကျောင်းရဲ့သော့တော့ မပျက်ဘူး။ ဒါနဲ့ သော့ဖွင့်ဝင်သွားတော့ အထဲမှာ မဲပုံး ၃ ပုံးထဲက ၁ ပုံးက အပြင်ကို ထုတ်ထားခံရတယ်။ ၂ ပုံးထဲကိုတော့ ရေတွေထည့်ထားတာ တွေ့ရတယ်။” သစ်သားနဲ့ဆောက်ထားတဲ့ ကျောင်းဖြစ်တာကြောင့် ဖျက်ဆီးသူဟာ နောက်ဘက်က ပျဉ်ချပ်တွေ ဆွဲခွာဝင်ခဲ့တာဖြစ်ပြီး ဗီနိုင်းစတွေလည်း ဆုတ်ဖြဲခံထားရတယ်လို့ သူက ပြောပါတယ်။ မဲရုံထဲမှာ မဲပြား၊ စာရင်းတွေတော့ မရှိတာကြောင့် တခြားပျက်စီးဆုံးရှုံးတာ မရှိဘူးလို့လည်း ဆိုပါတယ်။ မဲရုံမှူးကို မေးမြန်းရာမှာတော့ ကြိုတင်မဲပေးခဲ့ချိန်က ပြဿနာတစုံတရာမရှိခဲ့သလို သူကိုယ်တိုင် ဒီရွာသားဖြစ်ပြီး ရွာသားတွေနဲ့ ရန်ဖြစ်တာမျိုးလည်း မရှိခဲ့ဘူးလို့ သိရကြောင်း သူက ပြောပါတယ်။ ဒါကြောင့် အဲဒီမဲရုံအတွက် လိုအပ်တဲ့ မဲပုံးနဲ့ ဆန္ဒပြုမယ့်နေရာ အကာအရံတို့ကို မနေ့က ညတွင်းချင်း အသစ်ပြန်ထုတ်ယူပြီး ဒီနေ့မှာတော့ ပုံမှန်အတိုင်း မဲပေးကြတယ်လို့ ဒေါ်ကြင်ဌေးက ပြောပါတယ်။ အဲဒီရွာမှာ မဲပေးခွင့်ရှိသူ ၂၂၂ ယောက်အနက် ၂၂ ယောက်က ကြိုတင်မဲပေးခဲ့ကြပြီး ဒီမနက် ၈ နာရီကျော်မှာပဲ လူပေါင်း ၁၀၀ ကျော်မဲပေးပြီးသွားပြီလို့ သူက ဆိုပါတယ်။ လတ်တလောအချိန်ထိမှာတော့ မြို့နယ်ထဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားဖြစ်စဉ် မရှိသေးဘူးလို့လည်း ပြောပါတယ်။
7 months Ago

ဖားကန့်မြို့နယ် မဲရုံအများစုတွင် ကျန်းမာရေးစည်းကမ်းလိုက်နာမှုအားနည်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်ပြည်သူတွေ ဒီကနေ့မနက်က စပြီးလာရောက် မဲပေးနေကြပါတယ်။  မဲပေးရာမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆန္ဒမဲပေးတာဟာ ကိုဗစ်-၁၉ ပိုး တွေ့လူနာအများဆုံးရှိတဲ့ တောင်ပြိုကျေးရွာက မဲရုံအမှတ် ၁၀၁ မှာပဲတွေ့ရှိရပြီး တခြားမဲရုံအများစုကတော့ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ မညီတာကိုတွေ့ရပါတယ်။ တောင်ပြိုကျေးရွာဟာ ကိုဗစ်-၁၉ကူးစက်ခံရသူ ၈၃ ဦးထိရှိပြီး ကချင်ပြည်နယ်တခုလုံးမှာ အတည်ပြုလူနာအများဆုံးရှိတဲ့ကျေးရွာဖြစ်ပါတယ်။ အဆိုပါရွာမှာ မဲပေးခွင့်ရှိသူ  ၈၉၂ ဦး  ရှိပြီး ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက အသွားအလာကန့်သတ်ထားတာလည်းဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၈၀,၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၀၅ ရုံရှိရာမှာ မဲရုံအများစုဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆန္ဒပေးတာ မတွေ့ရပါဘူး။ သတင်း- ဇော်မိုးထက် (ဖားကန့် )
7 months Ago

ညောင်လေးပင်ရှိ မဲရုံအချို့ နောက်ကျဖွင့်လှစ်၊ မဲရုံပြင်ပ၌ ကျန်းမာရေးစည်းကမ်း လိုက်နာမှု အားနည်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှာ မဲရုံတချို့ မဲရုံဖွင့်တဲ့အချိန် နောက်ကျတာမျိုးတွေ ရှိပြီး မဲရုံပြင်ပမှာ မဲပေးခွင့်ရဖို့ တန်းစီရာမှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့အညီ လိုက်နာမှုမရှိဘဲ တန်းစီ စောင့်ဆိုင်းနေရတာမျိုးတွေ ရှိကြပါတယ်။ မဲဆန္ဒရှင်​ပြည်သူတွေဟာ မဲပေးခွင့်ရဖို့ မဲရုံမဖွင့်လှစ်ခင် လာရောက် စောင့်ဆိုင်းနေကြပေမဲ့ ​ညောင်လေးပင်မြို့ မြို့မ (၃) ရပ်ကွက် ​ဆေးရုံရပ် မူလွန်​ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ မဲရုံဟာ မဲရုံဖွင့်လှစ်ရမယ့် အချိန် ၆ နာရီထက် ၁၀ မိနစ် နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက်က မဲရုံတချို့မှာတော့ မဲရုံအတွင်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်နဲ့အညီ ၆ ပေခြားပြီး တန်းစီစောင့်​ဆိုင်းခဲ့ကြပေမဲ့ မဲရုံပြင်ပမှာတော့ မဲဆန္ဒရှင်တွေ နီးကပ်စွာ တန်းစီးနေကြရပါတယ်။ မဲရုံအတွင်းကိုသာ ထိန်းချုပ်နိုင်ပေမဲ့ မဲရုံပြင်ပကိုတော့ တာဝန်ရှိသူတွေ မထိန်းချုပ်နိုင်သလို မဲရုံပြင်ပမှာလည်း ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ သတ်မှတ်ထားသင့်တယ်လို့ မဲလာရောက်ပေး သူ ဦးအောင်မျိုးဝင်းက ပြောပါတယ်။ ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တိုးလာနေတဲ့အချိန်မှာ ခုလို နီးကပ်စွာ ထိတွေ့မှုတွေရှိနေတာကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့သွားမှာကို စိုးရိမ်မိ တယ်လို့လည်း သူက ဆိုပါတယ်။ “မဲလာပေးတဲ့သူတွေက များပါတယ်။ တချို့ဆို မနက် ၅ နာရီလောက်ကတည်းက တန်းစီနေကြတာ။ မြို့မ ၃ ရပ်ကွက်က မဲရုံကတော့ မဲရုံဖွင့်ချိန်ထက် နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့ တယ်။ မဲရုံဖွင့်ချိန်နောက်ကျတာဟာ ကော်မရှင်အဖွဲ့ခွဲနဲ့ မဲရုံမှူးတို့ စာရွက်စာတမ်း ပေးအပ်တာ၊ မဲရုံဖွင့်နိုင်ဖို့ ပြင်ဆင်နေရတာကြောင့် မဲရုံဖွင့်တဲ့အချိန်ထက် နောက်ကျသွားတာ ဖြစ်နိုင်တယ်” လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးလှမြင့်က ပြောပါတယ်။ မဲပေးပိုင်ခွင့်ရှိသူတွေ နီးကပ်စွာ တန်းစီနေတာကို ဖြေရှင်းဖို့ မဲရုံလုံခြုံရေးအဖွဲ့တွေက ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း လိုက်နာကြဖို့ လိုက်လံ ပြောဆိုနေပါတယ်။ မဲရုံဖွင့်တဲ့အချိန်ထက် နောက်ကျတာနဲ့ပတ်သက်ပြီး မြို့မ (၃) ရပ်ကွက်၊ ​ဆေးရုံရပ် မူလွန်ကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံက မဲရုံမှူးကို သွားရောက်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ ညောင်လေးပင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၆၄,၀၀၀ ကျော်ရှိပြီး ပါတီ ၈ ခုက ကိုယ်စားလှယ် ၂၆ ဦးနဲ့ တသီးပုဂ္ဂလ ၁ ဦးတို့က ဝင်ရောက်အရွေးခံ​နေတာ ဖြစ်ပါတယ်။ ညောင်လေးပင်မြို့နယ်မှာ ကြိုတင်မဲပေးခွင့်ရှိသူ သက်ကြီးဘိုးဘွား ၂၂,၀၀၀ ကျော်ရှိပါတယ်။  ပထမအကြိမ် မဲပေးခွင့်ရသူ အသက် ၁၈ နှစ်ပြည့်ပြီး လူငယ် ၂၀,၆၄၈၊ မသန်စွမ်း မဲပေးပိုင်ခွင့်ရှိသူ ၃၁၅ ဦး ရှိပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
7 months Ago

မြေနီကုန်း (မြောက်) ရပ်ကွက်က မဲရုံများ မြင်ကွင်း (ဓာတ်ပုံ)

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ရပ်ကွက်မှာရှိတဲ့ မဲရုံအမှတ် ၁/၂/၃/၄ တွေမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးဖို့ မနက် ၅ နာရီကတည်းက တန်းစီစောင့်ဆိုင်းခဲ့ကြပြီး မဲပေးနေကြပါတယ်။ ဓာတ်ပုံ - မျိုးဇော်လင်း
7 months Ago

မရမ်းကုန်းမြို့နယ် မဲရုံများ၌ မဲပေးမှု မြင်ကွင်း (ဓာတ်ပုံ)

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အမှတ် (၂) ရပ်ကွက်က ယာယီ မဲရုံတွေကို ဒီနေ့မနက် ၆ နာရီ စတင်ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင် မဲစတင်ပေးနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ မဲပေးခွင့်ရှိတဲ့မဲဆန္ဒရှင် ၁၅၈၀၀၀ က မဲရုံ ၁၂၁ ရုံမှာ မဲပေးသွားကြမှာဖြစ်ပါတယ်။  မဲရုံတွေမှာ မဲလာပေးတဲ့သူတွေအတွက် အပူချိန်တိုင်းတာတာတွေနဲ့ နှာခေါင်းစေး Face Shield တွေကိုလည်း ဝေငှ ပေးနေပါတယ်။  မရမ်းကုန်းမြို့နယ်မှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲထက်မဲဆန္ဒရှင် ၁၅၀၀၀ ပိုများလာတဲ့အတွက် မဲရုံတွေ တိုးချဲ့ပြင်ဆင်ထားပါတယ်။  မရမ်းကုန်း မြို့နယ်မှာ ကြိုတင် ဆန္ဒမဲပေးထားသူ ၂ သောင်းကျော်ရှိပါတယ်။ မရမ်းကုန်းမြို့နယ်က မဲရုံ တစ်ချို့မှာ မနက် မဲရုံမဖွင့်မီ အချိန်ကတည်းက လူဦးရေ ရာချီ မဲလာပေးဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်
7 months Ago
More News
Up