မဲပုံးမီးလောင်

June 11, 2018

အီရတ်တွင် မဲပုံးများသိမ်းထားသည့် အဆောက်အဦ မီးလောင်

အီရတ်နိုင်ငံမှာ မေလကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်းက မဲပုံးတွေကို သိမ်းဆည်းထားတဲ့  မြို့တော် ဘဂ္ဂဒက်ရှိ အဆောက်အဦတလုံး မီးလောင်ခဲ့လို့ ပထမဆုံး တွေ့တဲ့သူတွေက မီးငြှိမ်းဖို့ ကြိုးစားခဲ့ရတယ်လို့ ဒေသခံအရာရှိတွေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။ “ဒီမဲပုံးတွေဟာ ဇွန်လ ၆ ရက်က အီရတ်လွှတ်တော်က ထုတ်ပြန်တဲ့ ဥပဒေအရ လက်နဲ့ပြန်ပြီး ရေတွက်ဖို့ အမိန့်ချခံရတဲ့ မဲတွေရဲ့ တစိတ်တပိုင်းပါ။ မီးကြောင့် စာရွက်စာတမ်းတချို့နဲ့ ပစ္စည်းတချို့ လောင်ကျွမ်းခဲ့ပေမယ့် မဲပုံးတွေကို မီးမကူးအောင် အရပ်ဘက် ကာကွယ်ရေးတပ်က ဟန့်တားဖို့ ကြိုးစားခဲ့တယ်။ မဲပုံးတွေထားတဲ့ ကုန်လှောင်ရုံ ၃ လုံးကို မီးမကူးအောင် လုပ်ပြီးပြီ” လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ်ကြီး ဆာအိမဲန်းက ပြောပါတယ်။ ရွေးကောက်ပွဲမှာ တတိယနေရာကို ရောက်နေတဲ့ ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ အစိုးရရဲ့ ပါတီက မဲရေတွက်ရာမှာ အရေးကြီးတဲ့ ချိုးဖောက်မှုတွေ ရှိတယ်လို့ ပြောခဲ့အပြီး နောက်နေ့မှာ မဲတွေကို ပြန်ရေတွက်ဖို့ လွှတ်တော်က အတည်ပြုခဲ့တာပါ။ ဒီလုပ်ရပ်ဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးနိုင်ထားတဲ့ အမျိုးသားရေးဝါဒီ ဘာသာရေးဆရာ မိုတာဒါ အယ်လ်ဆာဒရီရဲ့ အုပ်စုကို လှိုက်စားစေနိုင်ပါတယ်။ ဘာသာရေးခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အောင်ပွဲကို ပါတီတချို့က တမင်ဖျက်ဆီးဖို့ ကြိုးစားမှာ စိုးရိမ်တယ်လို့ ဆာဒရီရဲ့ ထိပ်တန်းလက်ထောက်တွေထဲက တယောက်က ပြောခဲ့ပါတယ်။ သူတို့အုပ်စုဟာ ကာလကြာရှည် အမေရိကန်နဲ့ အတိုက်အခံ ဖြစ်ရုံမက အီရတ်မှာ အီရန်ရဲ့ စိုးမိုးခြယ်လှယ်မှုကို ဆန့်ကျင်နေသူတွေ ဖြစ်ပါတယ်။
3 years Ago
Up