မဲပေးသူများ

November 21, 2020

ကိုယ်စားမဲပေးသူ၊ ခွင့်ပြုခဲ့သူနှင့် တံဆိပ်တုံးအတုဖြင့် မဲပေးသူများကို အမှုဖွင့်

ကိုယ်စားမဲပေးသူတွေနဲ့ ခွင့်ပြုခဲ့သူတွေ၊ တံဆိပ်တုံးအတုနဲ့ မဲပေးသူ၊ မဲ ၂ ကြိမ်ပေးခဲ့သူနဲ့ မဲရုံပစ္စည်းဖျက်ဆီးခဲ့သူကို အမှုဖွင့်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ရွာ မဲရုံအမှတ် ၃ မှာ  ဦးမောင်မြင့်ဟာ ဆန္ဒမဲပေးရာမှာ သူကိုယ်တိုင်ယူလာတဲ့ UEC အမှတ်အသား မပါတဲ့ တံဆိပ်တုံးအတုနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ဆန္ဒ မဲလက်မှတ်တွေကို ဆန္ဒပြုခဲ့တာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စု၊ မဲရုံအမှတ် ၁ မှာ ကင်းတပ်ရွာနေ မဲစာရင်းမှာမပါတဲ့ ဦးချမ်းမြေ့အေးဟာ သူ့အကို ဦးငြိမ်းချမ်းအေးကိုယ်စား မဲပေးခဲ့ပြီး အဲဒီလို မဲပေးခွင့်ရဖို့ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလှကြိုင်က ခွင့်ပြုပေးခဲ့ပါတယ်။ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက်၊ မဲရုံအမှတ် ၁ မှာ ဒေါ်ဖူးငုံဖြိုးရဲ့အစား ညီမဖြစ်သူ မမွန်မွန်ဝေက ကိုယ်စားလာရောက်မဲပေးခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊  လဲခုံကြီးရွာနေ ဦးသူရအောင်ဟာ  ကွင်းကြီးကျေးရွာအုပ်စု  မဲရုံအမှတ် ၅ မှာ တကြိမ်၊ ဇနီးဖြစ်သူနေထိုင်ရာ အင်္ဂပူမြို့နယ်၊ နွားခြံ ကုန်းကျေးရွာအုပ်စု၊ ကုန်းတောင်နီရွာ မဲရုံအမှတ် ၂ မှာ တကြိမ် မဲပေးခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်၊ ခြောက်ဆယ်ကျေးရွာအုပ်စု၊ လက်ပံကုန်းရွာ မဲရုံအမှတ် ၂ မှာတော့ စုံစမ်းနေဆဲ တရားခံက ဆန္ဒမဲပေးတဲ့ အခန်းတွေနဲ့ ဆန္ဒမဲပေးရာမှာ သုံးမယ့်ပစ္စည်းတွေကို ရွေးကောက်ပွဲမတိုင်ခင်တရက်က ဖျက်ဆီးခဲ့ပါတယ်။ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးရွာအုပ်စုမဲရုံအမှတ် ၂ မှာ မကြူကြူသင်းဟာ ရန်ကုန်မြို့မှာနေတဲ့ သူ့ရဲ့ အစ်မဖြစ်သူ မအေးသက်နိုင်ကိုယ်စား မဲပေးခဲ့ပြီး မဲရုံမှူး ဒေါ်အုန်းကြိုင်က ခွင့်ပြုပေးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဧရာဝတီတိုင်း  ကန်ကြီးထောင့်မြို့နယ်၊    မြင်းကဆိပ်ကျေးရွာအုပ်စုမဲရုံအမှတ် ၁ မှာ ဒေါ်မေဝင်းဟာ တရွာတည်းနေသူ ဒေါ်ခင်ခင်စိုးရဲ့ မဲစာရင်း အမှတ်စဉ်နဲ့ ကိုယ်စားမဲပေးခဲ့ပါတယ်။ ဒီဖြစ်စဉ် ကျူးလွန်ခဲ့သူတွေကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ  ရာဇသတ်ကြီး ပုဒ်မ ၄၂၀/ ၄၆၈၊ သက်ဆိုင်ရာ   လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈၊ ၅၉ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
10 months Ago

October 1, 2020

မဲပေးသူများအတွက် စိတ်ချရသည့် အကွာအဝေး ပြုလုပ်ပေးရန် စင်ကာပူရောက်မြန်မာများ တိုက်တွန်း

၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြရာမှာ မဲပေးသူတွေအတွက် စိတ်ချရတဲ့အကွာအဝေးကို Social Distancing နဲ့အညီ ပြုလုပ်ပေးဖို့ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား  မဲဆန္ဒရှင်တချို့က တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုတွေကို စင်ကာပူရှိ မြန်မာသံရုံးမှာ အောက်တိုဘာလ ၁ ရက် မနက်က စတင်ပြီး ပြုလုပ်နေရာမှာ  မဲပေးမယ့်သူတွေဟာ မနက်အစောပိုင်းထဲက Social Distancing နဲ့ အညီ တန်းစီရတာပါ။ ကိုဗစ်ကာလ ကြိုတင်မဲပေးရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး စင်ကာပူရောက်မြန်မာ တစ်ဦး ဖြစ်တဲ့ ကိုမြတ်မင်းစိုးက “အခုဒီကအတွေ့အကြုံအရဆိုရင် ဒီမှာက တအားတင်းကျပ်တယ်ဗျ။ အခုဒီမနက်ဆိုရင်လည်း စင်ကာပူက ရဲတွေရော၊ အရပ်ဝတ်တွေနဲ့ရော အများကြီးလိုက်ပြီးတော့ သူတို့လည်း လိုက်ကြည့်ပြီးတော့ လိုအပ်တာတွေ လိုက်ပြောတယ်။ ကျနော်တို့ ဒီအဖွဲ့တွေရော၊ သံရုံးတွေကိုလည်း ပြီးခဲ့တဲ့ရက်တွေ ကတည်းက သူတို့တွေဘာတွေ လိုက်နာသင့်တယ်ဆိုတာကို လုပ်ထားတယ်။ မြန်မာပြည်မှာလည်း အဲ့လိုမျိုးလုပ်မယ်လို့ ကျနော်တို့နားလည်ပါတယ်။ တလလောက်ကြိုကြိုပြီးတော့ ပြင်ဆင်ပြီး ဒီဘက်မှာ ဖြစ်တဲ့အတွက် ဟိုဘက် မြန်မာပြည်မှာလည်း ဒါကို Follow up လုပ်နိုင်တဲ့အခြေအနေမျိုးလည်းရှိတော့ ဟိုဘက်မှာလည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုက မြန်မာပြည်ဘက်မှာလည်း စနစ်တွေက တချို့ဟာတွေက အရမ်းကောင်းမွန်တာကို ကျနော်တို့ တွေ့နေရပါတယ် ” လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်နေရချိန်ဖြစ်တဲ့အတွက် စင်ကာပူမှာ ကြိုတင်မဲပေးမယ့်သူတွေကို ကိုယ်ပူချိန်တိုင်းတာ ၊ လက်ဆေးစေတာ ၊Social distancing အညီ စီတန်းစေတာအပြင် မလိုလားအပ်ပဲ လူစုလူဝေး မဖြစ်စေဖို့အတွက် တင်းကျပ်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း စင်ကာပူမှာ  ကြိုတင်မဲပေးခဲ့တဲ့ မတင်မာဝေကတော့ မဲပေးရတာ ပိုမိုမြန်ဆန်မှုရှိပြီး မြန်မာနိုင်ငံမှာလည်း မဲပေးမယ့်သူတွေအတွက် စိတ်ချရတဲ့ အကွာ အဝေးကို ပြုလုပ်ပေးဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ မတင်မာဝေက “ Social distancing တစ်ယောက်နဲ့တစ်ယောက် စိတ်ချရတဲ့အကွာအဝေး ကို မဖြစ်မနေလုပ်သင့်ပါတယ်၊ ရွေးကောက်ပွဲကို၊ အရေးကြီးတဲ့ အချိန်မိုလို့ပါ။” လို့ ပြောပါတယ်။ စင်ကာပူမှာ  ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး ကြိုတင်မဲပေးဖို့ စာရင်းပေးထားသူ ၃၀၀၀၀ ကျော်ရှိတယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
12 months Ago
Up