မဲပုံး

November 8, 2020

လေးမျက်နှာမြို့နယ်တွင် မဲရုံနှင့်မဲပုံးအချို့ ဖျက်ဆီးခံရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက ရွာတရွာမှာ မဲရုံနဲ့ မဲပုံးတချို့ မနေ့က ဖျက်ဆီးခံခဲ့ရပါတယ်။ ခြောက်ဆယ်ကျေးရွာအုပ်စု၊ လက်ပံကုန်းရွာမဲရုံမှာဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ ပုံမှန်မဲပေးနေတယ်လို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ကြင်ဌေးက ပြောပါတယ်။ “မဲရုံမှူး ကျောင်းဆရာလေးက ကြိုတင်ပြင်ဆင် သန့်ရှင်းရေးလုပ်ဖို့ မဲရုံလုပ်ထားတဲ့ ကျောင်းထဲကို သွားတာ။  ကျောင်းဝင်ဝနားက ဂိတ်ရုံလို့ ပြောရမှာပေါ့၊ ခဏနားတဲ့နေရာ၊ ဝါးနဲ့လုပ်ထားတဲ့ ရုံလေး ဖျက်ခံထားရတယ်။ ကျောင်းရဲ့သော့တော့ မပျက်ဘူး။ ဒါနဲ့ သော့ဖွင့်ဝင်သွားတော့ အထဲမှာ မဲပုံး ၃ ပုံးထဲက ၁ ပုံးက အပြင်ကို ထုတ်ထားခံရတယ်။ ၂ ပုံးထဲကိုတော့ ရေတွေထည့်ထားတာ တွေ့ရတယ်။” သစ်သားနဲ့ဆောက်ထားတဲ့ ကျောင်းဖြစ်တာကြောင့် ဖျက်ဆီးသူဟာ နောက်ဘက်က ပျဉ်ချပ်တွေ ဆွဲခွာဝင်ခဲ့တာဖြစ်ပြီး ဗီနိုင်းစတွေလည်း ဆုတ်ဖြဲခံထားရတယ်လို့ သူက ပြောပါတယ်။ မဲရုံထဲမှာ မဲပြား၊ စာရင်းတွေတော့ မရှိတာကြောင့် တခြားပျက်စီးဆုံးရှုံးတာ မရှိဘူးလို့လည်း ဆိုပါတယ်။ မဲရုံမှူးကို မေးမြန်းရာမှာတော့ ကြိုတင်မဲပေးခဲ့ချိန်က ပြဿနာတစုံတရာမရှိခဲ့သလို သူကိုယ်တိုင် ဒီရွာသားဖြစ်ပြီး ရွာသားတွေနဲ့ ရန်ဖြစ်တာမျိုးလည်း မရှိခဲ့ဘူးလို့ သိရကြောင်း သူက ပြောပါတယ်။ ဒါကြောင့် အဲဒီမဲရုံအတွက် လိုအပ်တဲ့ မဲပုံးနဲ့ ဆန္ဒပြုမယ့်နေရာ အကာအရံတို့ကို မနေ့က ညတွင်းချင်း အသစ်ပြန်ထုတ်ယူပြီး ဒီနေ့မှာတော့ ပုံမှန်အတိုင်း မဲပေးကြတယ်လို့ ဒေါ်ကြင်ဌေးက ပြောပါတယ်။ အဲဒီရွာမှာ မဲပေးခွင့်ရှိသူ ၂၂၂ ယောက်အနက် ၂၂ ယောက်က ကြိုတင်မဲပေးခဲ့ကြပြီး ဒီမနက် ၈ နာရီကျော်မှာပဲ လူပေါင်း ၁၀၀ ကျော်မဲပေးပြီးသွားပြီလို့ သူက ဆိုပါတယ်။ လတ်တလောအချိန်ထိမှာတော့ မြို့နယ်ထဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားဖြစ်စဉ် မရှိသေးဘူးလို့လည်း ပြောပါတယ်။
1 year Ago
Up