ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံး ကြော်ငြာ၊ ပိုစတာတွေကို မဲဆွယ်စည်းရုံးခွင့်ပြုထားတဲ့ နောက်ဆုံးနေ့ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအချိန် နောက်ဆုံးထားပြီး ဖြုတ်သိမ်းပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ည ထုတ်ပြန်ကြေညာပါတယ်။
သတ်မှတ်အချိန်အထိ ဖြုတ်သိမ်းထားခြင်းမရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီတွေနဲ့ ညှိနှိုင်းဖြုတ်သိမ်းသွားမှာဖြစ်ပြီး ဒီအတွက်ကုန်ကျစရိတ်ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြန်လည်ပေးချေရမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက် မနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ကြာ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းတွေအနေနဲ့ နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂ နာရီမှ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံး တာတွေကို ရပ်နားထားရမှာဖြစ်ပါတယ်။
2 years Ago