မဲဆွယ်စည်းရုံး

November 2, 2020

ဆီဆိုင်မြို့နယ်၌ ကြိုတင်မဲပေးချိန် မဲရုံပရဝဏ်အတွင်း မဲဆွယ်စည်းရုံးမှုများ ရှိနေ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မှာ ကြိုတင်မဲပေးနေတဲ့အချိန် မဲရုံပရဝဏ်အတွင်း ပါတီအချို့ မဲဆွယ်စည်းရုံးမှု ရှိနေပါတယ်။ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု မဲရုံအမှတ် (၁) မှာ ကြိုတင်မဲလာပေးတဲ့ အသက် ၆၀ နဲ့အထက် အဘိုးအဘွားတွေကို PNO ပါတီထုတ် နဂါးတံဆိပ် မဲဆွယ်ပညာပေးစာအုပ်နဲ့ ပညာပေးစေခိုင်းမှုတွေ ပြုလုပ်နေတယ်လို့ မဲရုံလေ့လာသူတွေက ပြောပါတယ်။ မဲရုံလေ့လာသူ ခွန်လေခမ်းက “မဲရုံပရဝဏ်အတွင်းမှာ မဲရုံရှေ့မှာပေါ့၊ ရွာသားက မဲလာပေးတဲ့ အဘိုးအဘွားတွေကို PNO ပါတီကထုတ်တဲ့ မဲပညာပေးစာအုပ်နဲ့ အဘိုးအဘွား တွေကို ပညာပေးနေတယ်။ နဂါးကို တံဆိတ်ရိုက်နှိပ်ခိုင်းတာပေါ့။ ပါတီကခိုင်းတာလား၊ ဘယ်သူခိုင်းတာလဲမသိဘူး။ တာဝန်ကျရပ်ကျေးကော်မရှင်ကိုပြောပြတော့ မဲရုံင်အပြင်ဘက်က ရတယ်လို့ ပြောနေတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် တချို့မဲရုံမှာ မဲပေးနေတဲ့ အဘိုးအဘွားတွေကို လျှို့ဝှက်မဲပေးခန်းအထိ နှစ်ယောက်သုံးယောက် စောင့်ကြည့်ပြီး ဟိုပါတီ၊ ဒီပါတီကို ထည့်ဖို့ ညွန်ကြားနေတာလည်း ရှိနေတယ်လို့ဆိုပါတယ်။ ကြိုတင်မဲပဲဖြစ်ဖြစ်၊ မဲပေးတဲ့နေ့ပဲဖြစ်ဖြစ် မဲရုံပရဝဏ် ကိုက် ၅၀၀ အတွင်း နိုင်ငံရေး ပါတီမဲဆွယ်ခြင်းမပြုလုပ်ရပေမယ့် ဒီလိုဖြစ်ပွားမှုက တိုင်ကြားမှုရှိမှ ကော်မရှင်က ဖြေရှင်းပေးမယ်လို့ ဆီဆိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်နိုင်က ပြောပါတယ်။ “အရင်ကတည်းက နည်းဥပဒေမှာ မဲရုံနဲ့ ကိုက် ၅၀၀ အတွင်းမှာ ဘာမှမရှိရဘူးလေနော်၊ ကြိုတင်မဲလည်း အဲလိုပဲပေါ့။ ဖြစ်ပွားရင်တိုင်ကြားမှ အရေးယူလို့ရတာ၊ မတိုင်ကြားရင် ဖြေရှင်းလို့ရရင် မြို့နယ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ ဖြေရှင်းလိုက်တာပေါ့။” ဆီဆိုင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁ သိန်း ၆ သောင်းကျော်ရှိပြီး အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အို အပါအဝင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ၁၁,၀၀၀ ဦးခန့်ရှိကာ အောက်တိုဘာ ၃၀ ရက်နေ့အထိ ကျား ၉၄၇ ဦး၊ မ ၁၂၄၉ ဦး စုစုပေါင်း ၂၁၉၆ ဦး ကြိုတင်မဲပေးပြီးပြီလို့ သိရပါတယ်။ ခွန်ရာဇာ
12 months Ago

ကျောက်ဖြူတွင် ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံး၊ ဒေသခံထောင်ချီ ဝန်းရံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ နိုဝင်ဘာ ၁ ရက်နေ့က ရခိုင်အမျိုးသားပါတီဗဟိုအောင်နိုင်ရေးကော်မတီက ဇက်ရေယာဉ်တွေနဲ့ လာရောက် မဲဆွယ်စည်းရုံးခဲ့ပြီး ဒေသခံထောင်ချီ ဝန်းရံခဲ့ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုံးဝမကျင်းပတာဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုသွားမဲ့လမ်းကြောင်းကို ရိုက်ချိုးဖျက်ဆီးခံရတာလို့  ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။ “အခု ဒီရွေးကောက်ပွဲမြို့နယ် ၉ ခုမလုပ်ဘူးဆိုတာ ရခိုင်ပြည်နိုင်ငံရေး၊ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးနဲ့ ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးကို ဖြိုခွဲဖျက်ဆီးတယ်လို့ အဲဒီလိုသုံးသပ်မိတယ်။ ပြီးရင် အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဒီစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ဥစ္စာကို အဲရွေးကောက်ပွဲ မလုပ်ဘူးဆိုပြီး မြို့နယ်အများစုကို လုပ်လိုက်တဲ့အတွက်ကြောင့် ဒီစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်လမ်းကြောင်းကိုတောင် ရိုက်ချိုးဖျက်ဆီးလိုက်တယ်လို့ မြင်တယ်။ အဲဒါကြောင့် ဒီအချိန်မှာ ရခိုင်လူမျိုးတွေ နိုင်ငံရေးသတိရှိဖို့ အရေးကြီးတယ်၊ ညီညီညွတ်ညွတ်နဲ့ ခရီးဆက်ဖို့ အရေးကြီးတယ်၊ အဲဒါကြောင့် အဓိက ရခိုင်လူမျိုးတွေ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ အမျိုးသားနိုင်ငံရေး ခရီးကို ဆက်ပြီးသွားဖို့အတွက် ရခိုင်အမျိုးသားပါတီ ကျန်တဲ့မြို့နယ်တွေမှာ အနိုင်ရရှိရေးအတွက် ဒီလို ခရီးထွက်လာရတာ” လို့ ပြောပါတယ်။ လာရောက်ဝန်းရံသူတဦးဖြစ်တဲ့  မဆန်းဆန်းက  “ကျမတို့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အထဲက အခု ၉ မြို့နယ်က မဲမပေးရဘူးဆိုတော့ ကျန်တဲ့တောင်ပိုင်းမြို့နယ်တွေက ရခိုင်အမျိုးသားပါတီကို ဝိုင်းရံဖို့အတွက်ကို တာဝန်တရပ်လိုမျိုးဖြစ်လာပါတယ်။ ပြောမယ်ဆိုရင် ကျမတို့ အမျိုးသားအခွင့်အရေးဖြစ်တဲ့ မဲပေးခွင့် ဆုံးရှုံးသွားတဲ့အတွက် ကျန်တဲ့မြို့နယ်တွေကကျတော့ ရခိုင်ပါတီတွေကိုပဲ မဲထည့်စေချင်တယ်၊ ဝိုင်းရံစေချင်ပါတယ်” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့နယ်ဒေသခံ ကိုစိုးမိုးအောင်က “အဓိက ဝန်းရံရတာက အခုဆိုရင် ကျနော်တို့ ရွာဘက်အုပ်စုတွေမှာဆိုရင် မဲမပေးရဘူး၊ ၂၀၁၅ တုန်းကဆိုရင်လည်း ကျနော်တို့က အသက်မပြည့်သေးလို့ မဲမပေးလိုက်ရဘူး။ အခု ၂၀၂၀ မှာ အသက်ပြည့်ပေမဲ့လည်း မဲပေးခွင့်မရဘူး ကျနော်တို့ဒေသက။ ကျနော်တို့ လူငယ်တွေ ဘယ်လောက်ထိ စည်းရုံးမှုရှိတယ်၊ ရခိုင်အမျိုးသားပါတီကို ဘယ်လောက်ထိ ထောက်ခံမှုရှိတယ်ဆိုတာကို ပြချင်လို့လာတာပါ” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ မကျင်းပတဲ့ မြို့နယ် ၉ မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီဗဟိုအောင်နိုင်ရေးအဖွဲ့ရဲ့ ဇက်ရေယာဉ်ကို ကျောက်ဖြူမြို့နယ် ရခိုင်င်အမျိုးသားပါတီက ဦးဆောင်ကာ လူထောင်ချီ လာရောက်ဝန်းရံကြိုဆိုခဲ့ကြသလို ဇက်ရေယာဉ်ပေါ်ကနေ ရခိုင်အဆိုတော်တွေက သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
12 months Ago

October 25, 2020

ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေး ဦးစားပေးလုပ်မည်ဟု တိုင်းလိုင်ရှမ်းနီပါတီ ပြော

ရွေးကောက်ပွဲ အနိုင်ရခဲ့ပါက ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနဲ့ တရားမျှတရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး (TNDP) ပါတီက ပြောပါတယ်။  မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့က ပါတီဝန်းရံသူ ၅၀၀ ကျော်က ကား၊ ဆိုင်ကယ်တွေနဲ့ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့အတွင်း လှည့်လည်မဲဆွယ်ပွဲမှာ ရှမ်းနီပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌ စိုင်းဇင်မောင်လွင်က ပြောပါတယ်။ “ကျနော်တို့ တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကိုရောက်မှ ပြည်တွင်းငြိမ်းချမ်းရေး တန်းတူညီမျှရေး ဖက်ဒရယ်အရေးတွေ ပီပီပြင်ပြင် ဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက် ဒေသခံတိုင်းရင်းသားတွေရဲ့ အသံ ထွက်ပေါ်လာဖို့အတွက် တိုင်းရင်းသားပါတီရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။” တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၃၁ ယောက်နဲ့ မြစ်ကြီးနားမြို့မှာ ၄ ယောက် ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့မှာ တိုင်းလိုင်ရှမ်းနီ လူငယ်ပါတီဝင် ၂၀၀ လောက်က ပါတီဆိုင်းဘုတ်တွေ၊ အလံတွေကိုင်ကာ အောင်နိုင်ရေးသီချင်းတွေဖွင့်ပြီး စက်လှေတွေနဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာရှိတဲ့ ရှမ်းရွာတွေမှာ မဲဆွယ်ခဲ့ကြပါတယ်။ သတင်း - မီးမီး
1 year Ago
More News
Up