၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပဘို့ ရက်ပေါင်း ၅၀ ကျော်သာလို့တော့တဲ့အချိန် မဲဆွယ်စည်းရုံးရေးကာလ ရောက်လာတာကြောင့် တံဆိပ်ရိုက်လုပ်ငန်းတွေ အရင်ကထက် ဈေးကွက်ပိုကောင်းနေတယ်လို့ ပြည်တွင်းတံဆိပ်ရိုက်လုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိမှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောတဲ့အခါမှာ အထောက်အကူဖြစ်နိုင်ဘို့ အင်္ကျီ၊ ပိုစတာ၊ လက်ကမ်းစာစောင် စတာတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့အတွက် တံဆိပ်ရိုက်လုပ်ငန်းတွေ ဒီကာလအတွင်းလုပ်ငန်း တွင်ကျယ်နေတာဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ လက်ကမ်းစာစောင်တွေ ပိုစတာတွေ အင်္ကျီတွေဖြန့်ဝေနိုင်ခြင်းက ပါတီအောင် နိုင်ရေး အတွက်ထိရောက်တဲ့ စည်းရုံးမှုတခုဖြစ်ပြီး နယ်ဘက်တွေမှာတော့ ကိုယ်ထောက်ခံတဲ့ပါတီအတွက် ငွေအားစိုက်ပြီး ပြည်သူတွေအနေနဲ့ ဖြန့်ဝေပေးနေတာတွေရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုထောက်ခံသူ ကိုကျော်နိုင်ဦးက ပြောပါတယ်။
တံဆိပ်ရိုက်လုပ်ငန်းတွေအနေနဲ့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခွပ်ဒါင်းနဲ့ ကြယ်ဖြူတံဆိပ်နဲ့ စာတမ်းတွေ၊ အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ခြင်္သေ့ပုံပါ အမှတ်တံဆိပ်တွေကို ပိုမို လာရိုက်သူတွေများတယ်လို့လည်း လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
8 years Ago