မဲဆောက်

December 20, 2021

ထိုင်းတော်ဝင်မင်းသမီးကြီး မဟာချက္ကရီသီရိဒုံ မဲဆောက်မြို့ ရောက်ရှိ

ထိုင်းတော်ဝင်မင်းသမီးကြီး မဟာချက္ကရီသီရိဒုံဟာ ဒီကနေ့မနက် ၉ နာရီခွဲက ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ကို ရောက်ရှိလာပါတယ်။ 

မင်းသမီးကြီးကို တာ့ခ်ခရိုင်ဝန် ဆုမ်ချိုင်း ကစ်ကျရွန်နဲ့ ခရိုင်အဆင့်မြို့နယ်အဆင့်တာ ဝန်ရှိသူတွေ၊ လေဆိပ်တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။ 

မင်းသမီးကြီးဟာ တာ့ခ်ခရိုင်မှာ ဒီဇင်ဘာ ၂၀ မှ ၂၃ ရက်နေ့အထိ တိုင်းခန်းလှည့်မှာဖြစ်ပြီး အဆိုပါနေ့ရက်တွေမှာ မဲဆောက်ဆေးရုံကြီး အဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။

အဲဒီနောက် ထာ့ဆောင်ယန်းမြို့နယ် မယ်လအုပ်စုရှိ နယ်ခြားစောင့်ရဲစခန်းမှာ ဖွင့်လှစ်ထားတဲ့ ကျူလာ-ထမဆတ် စာသင်ကျောင်း၊ မယ်လမတ်မြို့နယ်ရှိ ထဝီမနီနု တ်လေ့လာသင်ကြားရေးစင်တာ၊ တာ့ခ်မြို့နယ်ရှိ ရာ့ချ်ပချားနုခေါ့လူမှုဝန်ထမ်းကျောင်း၊ မဲဆောက်မြို့နယ် မိုင်ဖာဒဲန်းရပ်ကွက်ရှိ သဘာဝပတ်ဝန်းကျင်လေ့လာထိန်းသိမ်းရေးဌာန စတဲ့ နေရာတွေကို သွားရောက်စစ်ဆေးပြီး တာဝန်ရှိသူတွေကို တွေ့ဆုံအားပေးမယ်လို့ မဲဆောက်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

မင်းသမီးကြီး မဲဆောက်ကိုရောက်ရှိချိန်ဟာ မြန်မာဘက်ခြမ်းမှာတိုက်ပွဲဖြစ်လို့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ မဲဆောက်မြို့နယ်ထဲမှာ ဝင်ရောက်ခိုလှုံနေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ 

မင်းသမီးကြီးမဟာချက္ကရီသီရိဒုံဟာ နမဝမြောက်ထိုင်းဘုရင်ကြီးရဲ့ တတိယမြောက်သမီး တော်၊ လက်ရှိထိုင်းဘုရင်ရဲ့ ညီမတော်ဖြစ်ကာ သက်တော် ၆၆ နှစ်ရှိပြီဖြစ်ပါတယ်။

မင်းသမီးကြီးဟာ နဝမမြောက်ဘုရင်သက်တော်ထင်ရှားစဉ်က ဘုရင်ကြီးတိုင်းခန့်လှည့်တဲ့ နောက် အမြဲလိုက်ကာ ပြည်သူပြည်သားတွေရဲ့ နေထိုင်မှုဘဝကို လေ့လာမှတ်တမ်းတင်ပြီး သူကိုယ်တိုင်လည်း ပြည်သူတွေကြား ကွင်းဆင်းလေ့လာတာတွေရှိပါတယ်။

တခါတရံ လမ်းဘေး ခေါက်ဆွဲဆိုင်မှာ မပြောမဆို ဝင်ရောက်စားသောက်ပြီး ဈေးသည်တွေကို မတန်တဆများပြားတဲ့ မုန့်ဖိုးပြန်ပေးတတ်တာကြောင့် ဈေးသည်တွေကြား အံ့ဩဝမ်းသာမှုတွေ ဖြစ်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ကျစ်လ်ဒါးနည်းပညာဌာန ဥက္ကဋ္ဌ၊ ဆီဆဝလင်း သူနာပြု သင်တန်းကျောင်းဥက္ကဋ္ဌ၊ နှလုံးရောဂါဝေဒနာသည်များကူညီကုသရေးဖောင်ဒေးရှင်းတစ်ခုရဲ့ ဥက္ကဋ္ဌ တာဝန်တွေယူထားပြီး တိုင်းပြည်အကျိုး ဆေင်ရွက်နေသူလည်း ဖြစ်ပါတယ်။

4 weeks Ago

မဲဆောက်တွင် တောင်ပေါ်မှပြုတ်ကျသေဆုံးသွားသည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်၏ မိသားစုကို ကူညီထောက်ပံ့

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ တာဝန်ထမ်းဆောင်ရင်း တောင်ပေါ်ကနေ ပြုတ်ကျ  သေဆုံးသွားတဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင် မြို့နယ်ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို  သက်ဆိုင်ရာက ထောက်ပံ့ကူညီမှုတွေ လုပ်နေတယ်လို့ ထိုင်း သတင်းမှာဖော်ပြပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ဝင်ရောက်မှုနဲ့ ရာဇဝတ်မှုတွေ ကာကွယ်တားဆီးရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့  ထိုင်းစစ်သား ၂ ယောက် တောင်ထိပ်ကနေ မြေပြင်အခြေအနေတွေ ထောက်လှမ်းကြည့်ရှုစဉ် တောင်ပေါ်ကပြုတ်ကျလို့ တယောက်သေဆုံးကာ တယောက် ဒဏ်ရာရသွားခဲ့ပါတယ်။  

ထိုင်းစစ်တပ် အမှတ် ၁၄ ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီးအဆင့်ရှိ  ကျကရစ် ပင်ပရယွန်း (၂၉ နှစ်) နဲ့  မြို့နယ်ပြည်သူ့စစ်  ဝပ်ချရာ မုန့်မီး (၃၅ နှစ်) တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက မဲဆောက်မြို့နယ် မဲ့လမောကျေးရွာအုပ်စု ဘန့်ဟွေ့ဟန့်ရွာအနီး တောင်ပေါ်မှာ နယ်စပ် ဒေသ တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေ ကာကွယ်နှိမ်နင်းဖို့ မြေပြင် အခြေအနေတွေလှမ်းမျှော်ကြည့်ရှုထောက်လှမ်းစဉ် အနက် ၁၀၅၇ မီတာခန့်ရှိ လျှိုကြီးထဲကို ပြုတ်ကျသွားခဲ့တာပါ။ 

သူတို့ဟာ စကားပြောစက်နဲ့ မိခင်တပ်ရင်းကို အကြောင်းကြားခဲ့ပေမယ့် ခရီးဝေးတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ချက်ချင်းရောက်မလာနိုင်ကြပါဘူး။

စစ်တပ်၊ ရွာသားနဲ့ ကယ်ဆယ်ရေးတွေပါတဲ့အဖွဲ့ဟာ ကားနဲ့ ၄ နာရီကြာစီး၊ တောတောင်ထဲမှာ ၄ နာရီကြာ ခြေလျင်လျှောက်ပြီး ၁၈ ရက်နေ့မနက်မှာမှ သူတို့ကျသွားတဲ့လျှိုနားကို ရောက်လာပါတယ်။ တောင်တက်ကျွမ်းကျင်သူတွေက မတ်စောက်တဲ့ လျှိုထဲကို  ကြိုးနဲ့တွဲလဲဆင်းကြပြီး သူတို့ နှစ် ဦးကို အချိန် ၃ နာရီနီးပါး ခက်ခက်ခဲခဲ ဆွဲ တင်ခဲ့ရပါတယ်။ 

ပြည်သူ့စစ် ဝပ်ချရာမုန့်မီးက ကျောက်ခဲတွေပြုတ်ကျပိကျလာတဲ့ ဒဏ်ရာနဲ့ လျှိုထဲမှာတင် သေဆုံးသွားပြီး တပ်ကြပ်ကြီး ကျကရစ်ကတော့ ပေါင်မှာဒဏ်ရာပြင်းကာ  ခန္ဓာကိုယ်အနှံ့မှာ လည်းပွန်းပဲ့ရတွေ ရရှိခဲ့ပါတယ်။ ကိုးကား - https://mgronline.com

4 weeks Ago

December 18, 2021

လေးကေ့ကော်တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် ရွာသား ၁၀ ဦး မဲဆောက်မြို့၌ ဆေးကုသမှုခံယူ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ကရင်လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒီဇင်ဘာလ ၁၈ ရက်အထိ ဒေသခံပြည်သူ ၁၀ ယောက်လောက် ဒဏ်ရာတွေ ရရှိခဲ့ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆေးကုသမှု ခံယူနေကြရပါတယ်။

တိုက်ပွဲမှာ ဒေသခံရွာသားတွေ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသလို နှစ်ဘက်တပ်တွေ သေဆုံးဒဏ်ရာရတာရှိခဲ့ကာ နေရပ်စွန့်ခွာထွက်ပြေးပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်၊ မဲဆောက်မြို့နဲ့ ဖုတ်ဖရမြို့နယ်မှာ လာရောက်ခိုလှုံလာသူပေါင်းလည်း အယောက် ၄၀၀၀ လောက်ရှိသွားပြီ ဖြစ်ပါတယ်။

စစ်ဘေးခိုလှုံလာတဲ့ အသက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် မြန်မာ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဒေသခံတွေနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေက အစားအစာ၊ အဝတ်အထည်တွေနဲ့ ဆေးဝါးကူညီပံ့ပိုးပေးသလို ကလေးငယ်တွေအတွက်လည်း အလှူရှင်တွေက သီးခြား ဟင်းလျာချက်ပြုတ်လှူဒါန်းနေကြပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ လေးကေ့ကော်မြို့သစ်မှာတော့ နှစ်ဘက်တပ်တွေ စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက် မနက် ၇  နာရီလောက်မှာ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်သား ၈ ယောက်ကို ပြန်ပေးအပ်ဖို့  စစ်ကောင်စီဘက်က  ကေအန်ယူထံ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ၂ ရက်ဆက်တိုက်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြို့သစ် အနီးပတ်၀န်းကျင် ကျေးရွာတွေမှာလည်း ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေတဲ့  စစ်ရှောင်ဒုက္ခသည်တွေ ထောင်ချီပြီး ရှိနေပါတယ်။ 

ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲ ထပ်မံဖြစ်ပွားတော့မယ့် အခြေအနေရှိနေတာ ကြောင့် အဲဒီစစ်ရှောင်ပြည်သူတွေကို ဘေးလွတ်ရာနေရာကို ထပ်မံရွှေ့ပြောင်းခိုင်းနေပါပြီလို့ စစ်ဘေးရှောင်နေသူ တယောက်က ပြောပါတယ်။

မနေ့ နေ့လယ်က ဗျူဟာကုန်းဘက်ကနေ စစ်ကောင်စီက စတင်ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ နှစ်ဘက် အပြန်အလှန် ပြစ်ခတ်ကြပြီး၊ အခု စစ်ဘေးရှောင်တွေ နေတဲ့နေရာက တိုက်ပွဲဖြစ်နေတဲ့ နေရာ ၂ ခုရဲ့ ကြားထဲမှာ ရောက်နေတာကြောင့် တိုက်ပွဲမပြင်းထန်ချိန်မှာ EAO တွေရဲ့အကူအညီနဲ့ ရွှေ့ပြောင်းနေကြတာလို့ စစ်ဘေးရှောင်လူငယ်တယောက်က ပြောပါတယ်။

မဲထောင်သလေး၊ ထီးမယ်ဝါခီး၊ လေးကေ့ကော်၊ ပဟိကလော် ကျေးရွာတွေက ပြည်သူတွေနဲ့ စစ်ဘေးရှောင်နေသူတွေကို  အဓိက ရွှေ့ပြောင်းခိုင်းနေတာဖြစ်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ရွှေ့ပြောင်းနိုင်ခဲ့ကာ EAO အဖွဲ့တွေကကား စီစဥ်ပေးတယ်လို့ သိရပါတယ်။

မြဝတီမြို့နယ်အပြင်  ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ သထုံဘက်မှာလည်း ကေအန်ယူ အပါအဝင် ကရင်လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းလာနေတဲ့အတွက်   ဒေသတွင်းမှာ အခုရက်ပိုင်း တိုက်ပွဲတွေထပ်ပြီး ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

1 month Ago
More News
Up