မဲဆန္ဒရှင်များ မဲလာပေးမှု

November 13, 2020

ဝိုင်းမော် ကေဘီစီစစ်ရှောင်စခန်းမှ မဲဆန္ဒရှင်များ မဲလာပေးမှု ရာခိုင်နှုန်း ထက်၀က်ခန့်သာရှိ

၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကေဘီစီ စစ်ရှောင်စခန်းက မဲဆန္ဒရှင်ပြည်သူတွေ ၅၀ ရာခိုင်နှုန်းလောက်သာ  မဲလာပေးကြတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ မဲရုံအမှတ် ၄၁ မှာ ဆန္ဒမဲထည့်ခွင့်ရှိတဲ့ စစ်ရှောင်ပြည်သူစုစုပေါင်း ၁,၆၀၀ ကျော်ရှိတဲ့အနက် ၈၀၀ ကျော်လောက်သာ မဲလာထည့်ကြတာဖြစ်ပါတယ်။  တချို့က ခရီးလွန်တာ၊ တချို့က ထင်းခွေ ‌တောင်ယာသွားတာကြောင့် လာမထည့်ကြတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ထက်၀က်ခန့်သာ မဲလာပေးတာဖြစ်တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ထွန်းက ပြောပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ရှောင်စခန်း ၁၃ ခုရှိကာ စစ်ရှောင်ပြည်သူလူဦးရေ စုစုပေါင်း ၇,၀၀၀ ကျော်ရှိတဲ့အနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုပေါင်း ၄,၃၃၃ ဦးအထိရှိတာ ဖြစ်ပါတယ်။ ကေဘီစီစစ်ရှောင်စခန်း တာ၀န်ရှိ တစ်ဦးဖြစ်တဲ့ ဆရာဘရန်ဆိုင်း က“အခုကပွင်းလင်းရာသီရောက်တော့ တောင်ယာတွေမှာ စပါးတွေ နှမ်းတွေရိတ်သိမ်းကြတယ်၊ တချို့ကတရုတ်ပြည်မှာအလုပ်တွေသွားလုပ်ကြတယ်၊ တစ်နေ့လုပ်တစ်နေ့စား ခက်ခဲကြတော့ မဲထည့်ဖို့အချိန်မပေးနိုင်ကြတာ များတယ်”လို့ ပြောပါတယ်။ အခုနှစ်ရွေးကောက်ပွဲမှာ ဝိုင်းမော်တစ်မြို့နယ်လုံးမှာ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၉၄,၀၀၀ ကျော်ရှိကာ ၆၁ ရာခိုင်နှုန်းလောက် မဲလာပေးကြပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ၆၇ ရာခိုင်နှုန်းရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ သတင်း - ဇုန်းကျန်း CJ
2 years Ago
Up