မဲစာရင်းနှင့်ကိုက်ညီမှုမရှိ

November 8, 2020

“ဝ”ဒေသ မဲရုံများတွင် မဲပေးသူများပြီး မဲစာရင်းနှင့်ကိုက်ညီမှုမရှိသဖြင့် ပြန်စိစစ်နေရ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် “ဝ” အုပ်ချုပ်မှုနယ်မြေအတွင်းက ဆိုက်ခေါင်ကျေးရွာ မဲရုံ အမှတ် ၂၊ ၃၊  ၄ တို့မှာ မဲလာပေးသူ များပြားပြီး မဲစာရင်းနဲ့လည်း ကိုက်ညီမှုမရှိတာကြောင့် ပြန်လည်စိစစ်နေရတယ်လို့ သိရပါတယ်။ “ဝ” အုပ်ချုပ်မှုနယ်မြေအတွင်း ဆိုက်ခေါင်ကျေးရွာအုပ်စုနဲ့ မိုင်းယွန်းကျေးရွာအုပ်စုတွေရှိ မဲရုံ ၆ ရုံမှာ ဆန္ဒမဲပေးသူ ၁၀,၀၀၀ ကျော်ရှိပြီး မွန်းလွဲ ၂ နာရီအချိန်လောက်အထိ  ဆန္ဒမဲ ၁၀၀၀ လောက်စီသာ မဲပေးနိုင်တယ်လို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးသီတာမြင့်က ပြောပါတယ်။ "ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပေမဲ့ လူအင်အား များပြားနေတာနဲ့ စိစစ်နေရတာတွေကြောင့် ကြန့်ကြာနေရတယ်။ စာရင်းတွေကလည်း ကိုက်ညီမှု သိပ်မရှိဘူး။ ကျမတို့လည်း အသေးစိတ်စောင့်မကြည့်နိုင်ပေမယ့် စလစ်ပါ အမည်၊ အသက်နဲ့ လူကို စိစစ်နေရသေးတယ်။”  မဲစာရင်းပါ အမည်၊ အသက် နဲ့ မဲလာပေးသူတွေ ကိုက်ညီမှု မရှိတာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ဆန္ဒအရ  စိစစ်နေရတာကြောင့် ကြန့်ကြာမှုတွေ ရှိနေတာလို့ သိရပါတယ်။ စစ်ဒေသ ၁၇၁ ဆက်ဆံရေးမှူး ဦးလော်မိန်းက “ကျနော်တို့လည်း အတတ်နိုင်ဆုံး ထိန်းပေးနေရတာပဲ။ လယ်သိမ်းချိန်ဆိုတော့ မဲအမြန်ပေးပြီး အိမ်ပြန်ချင်နေသူတွေကများတော့ တိုးဝှေ့နေကြတာ၊ ထိန်းသိမ်းရခက်နေတယ်'' လို့ ပြောပါတယ်။ အောင်ဇေယျ
1 year Ago
Up