မော်လမြိုင်ဆေးရုံ

September 19, 2020

မော်လမြိုင်ဆေးရုံတွင် ကိုဗစ်လူနာထားရန် နေရာမရှိတော့၍ ဝန်ထမ်းအိမ်ရာအသစ်သို့ ပြောင်းရွှေ့

မော်လမြိုင် ပြည်သူ့ဆေးရုံမှာ ကိုဗစ်လူနာတွေထားဖို့ နေရာမရှိတော့တဲ့အတွက်ကြောင့် ပြည်နယ် ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အသစ် ၂ လုံးမှာ စတင် ပြောင်းရွှေ့ကုသပေးနေပါတယ်။ မွန်ပြည်နယ်အတွင်းက ကိုဗစ်လူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံ တစ်ခုတည်းမှာပဲ စောင့်ကြည့် ကုသပေးနေပြီး ကိုဗစ်လူနာ ၁၀၀ ကိုသာ လက်ခံကုသပေးနိုင်တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မော်လမြိုင်ပြည်သူဆေးရုံမှာ ကိုဗစ်လူနာ ၁၀၀ နီးပါးအထိ ရှိလာပြီး ထားစရာ နေရာ မရှိတော့တဲ့အတွက်ကြောင့် မွန်ပြည်နယ် ကုသရေးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အသစ် ၂ လုံးမှာ ပြောင်းရွှေ့ကုသပေးနေတာလို့ မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။ ပြောင်းရွှေ့ကုသပေးတဲ့ ကိုဗစ်လူနာတွေဟာ မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ၈ ရက်လောက် စောင့်ကြည့်ကုသပြီးနောက် ရောဂါလက္ခဏာမပြတဲ့သူတွေ ဖြစ်ပါတယ်။ မွန်ပြည်နယ် ကုသရေးဦးစီးဌာန အိမ်ရာအသစ်ကိုတော့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ ကိုဗစ်လူနာ ၁၃ ဦး ပြောင်းရွှေ့ကုသပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း ၉ ဦး ချထားပေးပါတယ်။ ပြည်နယ်ကုသရေးဦးစီးဌာန ဝန်းထမ်းအိမ်ရာမှာတော့ ကိုဗစ်လူနာတွေအတွက် ကုသရေး ခုတင် ၁၀၀ နီးပါး ပြင်ဆင်ထားတာပါ။ အခုလို ခုတင်တွေ တိုးချဲ့ပြင်ဆင်တာရဟာ နေ့စဉ်နဲ့အမျှ ကိုဗစ်လူနာ တွေ့ရှိလာလို့ ကြိုတင်ပြင်ဆင်နေတဲ့အနေနဲ့ ဆောင်ရွက်ရတာလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။ ဒါ့အပြင် မော်လမြိုင်က အမျိုးသမီးနဲ့ ကလေးဆေးရုံမှာလည်း အသည်းအသန်ဖြစ်တဲ့ ကိုဗစ်လူနာ ကလေးငယ်တွေကို ကုသပေးဖို့ ခုတင် ၁၀ ခု ပြင်ဆင်ထားပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းကလည်း မွန်ပြည်နယ်မှာ ကိုဗစ် အတည်ပြုလူနာ ၈ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကိုဗစ်အတည်ပြု လူနာ ၈ ဦးစလုံးဟာ မော်လမြိုင် စက်ကဲကုန်းရပ် နေထိုင်သူတွေဖြစ်ပြီး မွန်ပြည်သစ်တောဦးစီးဌာန ရုံး ဝန်ထမ်းမှတဆင့် ရောဂါပိုး ကူးစက်ခံရတာ ဖြစ်ပါတယ်။ အခုအခါမှာ မွန်ပြည်နယ် သစ်တောရုံးဝန်ထမ်းကတဆင့် ရောဂါပိုး ကူးစက်ခံရသူ ၁၆ ဦးအထိ ရှိလာခဲ့တာပါ။ သစ်တောရုံးဝန်ထမ်းကတော့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ရောဂါပိုး ဘယ်ကကူးစက်မှန်း မသိဘဲ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းအထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၁၁၉ ဦးနဲ့  လူနာ ၁ ဦးသေဆုံးထားပါတယ်။ ဇော်လွင်ထွဋ် 
7 months Ago

September 10, 2020

မော်လမြိုင်ဆေးရုံက ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး ကွာရန်တင်းဝင်  

မော်လမြိုင်မြို့မှာ သေဆုံးသွားတဲ့ ကိုဗစ်-၁၉ လူနာဟာ ရန်ကုန်ကိုသွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ကို ကြိုတင်ဖွင့်မပြောခဲ့လို့ မော်လမြိုင်ပြည်သူ့ဆေးရုံက ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃ ဦးကို quarantine  စင်တာပို့ဆောင်လိုက်ရပါတယ်။  မော်လမြိုင်မှာ စက်တင်ဘာ ၈ ရက်က ကိုဗစ်-၁၉ လူနာ အသစ် ၂ ဦး ထပ်မံ တွေ့ရှိခဲ့တာပါ။ အဲဒီလူနာ ၂ ဦးအနက် သေဆုံးသူ အမျိုးသားနဲ့ သူ့ရဲ့ ဇနီးတို့ဟာ စက်တင်ဘာ ၂ ရက်မှာ ရန်ကုန်မြို့က နာရေးတစ်ခုကို သွားထားခဲ့ပြီး ရန်ကုန်နေ ကိုဗစ်လူနာ အမှတ် ၁၁၄၄ နဲ့ ထိတွေ့ထားခဲ့တာပါ။ ရန်ကုန်က ပြန်လာပြီးနောက် ဆီးချိုနဲ့ သွေးတိုးရောဂါအခံကြောင့် စက်တင်ဘာ ၇ ရက်မှာ အရေးပေါ်ဖြစ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ ကုသခဲ့ပြီးနောက် သေဆုံးသွားခဲ့တာပါ။ သူ မသေဆုံးခင်မှာ စောင့်ကြည့်ကုသပေးခဲ့တဲ့ ဆရာဝန် အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၁၃ ဦးကို quarantine စင်တာ ပို့ဆောင်လိုက်ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာ ကျန်းမာရေးယန္တရား မယိုင်လဲအောင် ခရီးသွားရာဇဝင်ကို ပွင့်ပွင်းလင်းလင်းပြောပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက မေတ္တာရပ်ခံလိုက်ပါတယ်။ သေဆုံးခဲ့တဲ့ ကိုဗစ်လူနာဟာ ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူ ဖြစ်ပြီး ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် အသက်ရှူမ်းကြောင်း ရုတ်တရက် ပျက်စီးကာ ရောဂါနဲ့သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ လက်ရှိမှာတော့ ဒီလူနာ ထိတွေ့ခဲ့တဲ့သူတွေကို quarantine သို့ ပို့ဆောင်နေပြီး လူနာကိုလည်း ညတွင်းချင်း မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးအောင်က ပြောပါတယ်။ သေဆုံးခဲ့တဲ့ ကိုဗစ်လူနာဟာ မသေးဆုံမီ ရက်ပိုင်းကလည်း မော်လမြိုင်က ဆေးခန်း ၂ ခုမှာ ဆေးခန်းသွားပြထားတာပါ။  လက်ရှိမှာတော့ သူပြခဲ့တဲ့ မော်လမြိုင်က ဆေးခန်း ၂ ခုကို lockdown ပြုလုပ်ခဲ့သလို မော်လမြိုင်မြို့ပေါ် ရပ်ကွက် ၂ ခု ဖြစ်တဲ့ ရွှေတောင်နဲ့ ဖက်တန်းရပ်ကွက်တို့ကိုလည်း နေအိမ်အတွင်းနေထိုင်ဖို့ Stay at Home ထပ်တိုး ထုတ်ပြန်လိုက်ပါတယ်။  မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကိုဗစ်-၁၉ လူနာအသစ် ၄ ဦး ထပ်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်နေ့ ညပိုင်း ထုတ်ပြန်ထားပါတယ်။ အသစ်ထပ်တွေ့တဲ့ ကိုဗစ်လူနာ ၄ ဦးအနက်  ၃ ဦးဟာ ရန်ကုန်မြို့နေ သင်္ဘောသား  ၁ ဦးဖြစ်တဲ့ ကိုဗစ်လူနာအမှတ် ၇၇၁ ကနေ ကူးစက်ခံထားရတဲ့ ကိုဗစ်လူနာအမှတ် ၉၁၆ ကတဆင့် ကူးစက်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ သူတို့ ၃ ဦးဟာ မော်လမြိုင် အောက်ကျင်းရပ်ကွက်နေသူတွေ ဖြစ်ပြီး မော်လမြိုင် တက္ကသိုလ် ၁၀ မြို့နယ် အဆောင်မှာ အသွားအလာကန့်သတ်ထားတာပါ။ အသစ်ထပ်တွေ့တဲ့ လူနာ ၄ ဦးထဲက  ကျန် ၁ ဦးကတော့ မော်လမြိုင်က သေဆုံးသွားတဲ့ ကိုဗစ်လူနာအမှတ် ၁၆၂၉ ရဲ့ နေအိမ် အပေါ်ထပ်မှာ နေထိုင်သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကိုလိုက်ရှာဖွေပြီး  quarantine ကို ပို့ဆောင်နေတာပါ။ မွန်ပြည်နယ်မှာတော့ အခုအခါ ကိုဗစ်-၁၉ လူနာ  ၂၁ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ၁ ဦး သေဆုံးထားတာပါ။ ဇော်လွင်ထွဋ်
7 months Ago
More News
Up