မော်ရင်ဟို

August 22, 2021

အင်္ဂလန်မီဒီယာများ ပြဿနာမေးခွန်းသာ မေးလေ့ရှိကြောင်း မော်ရင်ဟို ဝေဖန်

အင်္ဂလန်မီဒီယာတွေဟာ ပြဿနာမေးခွန်းတွေပဲ အစဉ်အမြဲမေးလေ့ရှိတယ်လို့ နည်းပြမော်ရင်ဟို က ဝေဖန်ပါတယ်။ 

ပေါ်တူဂီနည်း ပြမော်ရင်ဟိုဟာ လက်ရှိအချိန်မှာ အီတလီစီးရီးအေကလပ်ရိုးမား အသင်းကို ကိုင်တွယ်နေတာပါ။ 

ချဲလ်ဆီ၊ မန်ယူနဲ့ စပါးအသင်းတွေကို ကိုင်တွယ်ခဲ့စဉ်က အင်္ဂလန်မီဒီယာတွေဟာ ပြဿနာဖြစ်စေပြီး အငြင်းပွားစေမယ့်မေးခွန်းတွေပဲ မေးလေ့ရှိကာ အီတလီမှာတော့ အဲဒီလိုမဟုတ်ကြောင်း စီးရီးအေပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ပြောပါတယ်။ 

“ကျနော်အင်္ဂလန်မှာတုန်းက အီတလီက သတင်းစာရှင်းလင်းပွဲတွေကို လွမ်းတယ်ကွာလို့ ကျနော့်ဝန်ထမ်းတွေကို အမြဲပြောခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်မှာက အငြင်းပွားဖွယ်ရာ ကိစ္စတွေပဲမေးလေ့ရှိတယ်။ အီတလီမှာတော့ နည်းစနစ်အကြောင်း  တွေ မပြောချင်ဘူး။ အီတလီကလူတွေက နည်းစနစ်နဲ့ သုံးသပ်ချက်တွေမှာ တအားတော်နေကြလို့ ဖြစ်ပါတယ်။”

ရိုးမားအသင်းက ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပေမယ့် ဆုဖလားမရတာ ကြာမြင့်နေပြီဆိုတာကိုလည်း သိရှိထားဖို့လိုပြီး အချိန်ယူပြီး တည်ဆောက်သွားရမယ်လို့ နည်းပြမော်ဟိုက ပြောခဲ့ပါတယ်။

2 months Ago

မော်ရင်ဟို ပွဲကစားခွင့်မပေးသဖြင့် မန်ယူနှင့် လမ်းခွဲခဲ့ရခြင်းဖြစ်ကြောင်း ဒီပေးပြော

ဟော်လန်တိုက်စစ်ကစားသမာ ဒီပေးကတော့ တချိန်တုန်းက မန်ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရ တာက နည်းပြမော်ရင်ဟိုက ပွဲကစားခွင့်မပေးခဲ့တာကြောင့် ဖြစ်တယ်လို့ပြောပါတယ်။ 

လက်ရှိ အချိန်မှာ စပိန်ထိပ်သီးကလပ် ဘာစီလိုနာမှာကစားနေတဲ့ ဒီပေးဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မန်ယူအသင်းမှာ ကစားခဲ့ဖူးတာပါ။ 

ဟော်လန်နည်းပြ လူဝစ်ဗန်ဟားလက်ထက်မှာ ပြောင်းရွှေ့ခဲ့ပြီး နည်းပြမော်ရင်ဟို လက်ထက်မှာ ပွဲကစားခွင့်မရတာကြောင့် လိုင်ယွန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။ 

ယူနိုက်တက် ကစားသမားဘဝရဲ့ ပထမဆုံးရာသီမှာ ပီအက်စ်ဗွီမှာ ကစားတုန်းကလို ခြေစွမ်းမရခဲ့တာမှန်ပေမယ့် ဒုတိယရာသီမှာတော့ အသင်းနဲ့ပိုပြီး အသားကျလာတယ်လို့ ခံစားခဲ့ရပေမယ့် နည်းပြအပြောင်းအလဲဖြစ်ခဲ့ပြီး မော်ရင်ဟိုက လုံလောက်တဲ့ ပွဲကစားခွင့်မပေးခဲ့ဘူးလို့ ဒီပေးကပြောပါတယ်။ 

ပွဲကစားခွင့်မရတဲ့အပေါ် မော်ရင်ဟိုရဲ့ ရုံးခန်းအထိသွားပြီး ဆွေးနွေးခဲ့ပေမယ့် အကြောင်းထူးလာတာမျိုးမရှိခဲ့ကြောင်း၊ ထိပ်တန်းအသင်းကြီးမှာ လုပ်ခရယူပြီး ပွဲကစားခွင့် မရတဲ့အခြေအနေကို မလိုချင်တာကြောင့် အသင်းပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ဒီပေးကပြောပါတယ်။

“ပေါ့ဘာနဲ့ ဇလာတန်အီဗရာဟီမိုဗစ်တို့ကတောင် ‘မင်းဘာလို့ အမြဲတမ်းပဲ ပွဲမကစားရတာဖြစ်နေရတာလဲ’ လို့ ကျနော့်ကို ပြောခဲ့ဖူးပါတယ်။ ဒီစကားက ကျနော် အခွင့်အရေးမရခဲ့တဲ့ သက်သေတစ်ခုပါပဲ” လို့ ဒီပေးက ပြောပါတယ်။

2 months Ago

June 20, 2021

စကော့တလန်ကိုအနိုင်ရရန် အင်္ဂလန်အသင်းမကြိုးပမ်းခဲ့ဟု မော်ရင်ဟို ဝေဖန်

ယူရို၂၀၂၀ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ စကော့တလန်ပွဲစဉ်ဟာ ဂိုးမရှိသရေကျခဲ့ ပြီး အင်္ဂလန်အသင်းက အနိုင်ရဖို့မကြိုးစားခဲ့ကြောင်း နည်းပြမော်ရင်ဟိုက ဝေဖန်လိုက်ပါတယ်။ 

အင်္ဂလန်အသင်းအနေနဲ့ အနိုင်ရလဒ်အတွက် ဘာစွန့်စားမှမလုပ်ဆောင်ခဲ့ဘဲ ရှုံးပွဲတွေ့မှာလည်း ကြောက်နေခဲ့တယ်လို့ Talk Sport နဲ့ သုံးသပ်ချက်အစီအစဉ်မှာ မော်ရင်ဟိုက ဝေဖန်ခဲ့တာပါ။

“အနိုင်ရဖို့အတွက် စိတ်ဆန္ဒကော စွန့်စားမှုပါ အင်္ဂလန်အသင်းဆီမှာ မမြင်တွေ့ခဲ့ရပါဘူး။ သူတို့ အနေနဲ့စကော့တလန်ကို အနိုင်ရချင်တယ်ဆိုရင် တိုက်စစ်အားကောင်းဖို့အတွက် ကွင်းလယ်က ဖိလစ်ကို မိနစ် ၆၀ လောက်မှာ လူစားလဲရမှာပါ။ ဒါပေမဲ့  သူတို့မှာရှုံးမှာ ကြောက်တဲ့ စိတ်မျိုးဖြစ် နေခဲ့တယ်”လို့ မော်ရင်ဟိုက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး ၊ မန်ယူနဲ့ စပါးအသင်းတွေကို ကိုင်တွယ်ခဲ့ပြီး လာမယ့်ရာသီမှာ ရိုးမားအသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ 

4 months Ago
More News
Up