မော်တော်ယာဉ်

May 30, 2020

မကွေးတိုင်းရှိ မော်တော်ယာဉ်များကို ခရီးသည်တဝက်လျှော့ချပြီး တိုင်းကျော်ပြေးဆွဲခွင့်ပြု

မကွေးတိုင်းတွင်းက မော်တော်ယာဉ်လိုင်းတွေကို ခရီးသည်တ၀က် လျှော့ချပြီး တိုင်းကျော်ပြေးဆွဲခွင့် ပြန်လည်ခွင့်ပြုပေးလိုက်ပြီလို့ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန ဦးစီးမှူး ဦးသိန်းဟန်က ပြောပါတယ်။ ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို တိုင်းဒေသကြီးအစိုးရရဲ့ ပန်ကြားချက်နဲ့ ဧပြီ ၁၅ ရက်နေ့ကစလို့ ယာယီရပ်နားပြီး တိုင်းအတွင်း ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းတွေကိုတော့ မေ ၁၆ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာပါ။ “တိုင်းအတွင်း ခရီးသည်လိုက်ပါမှု နည်းပါးတဲ့အတွက် တိုင်းကျော်ပြေးဆွဲခွင့်ကို အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ မေ ၂၈ ရက်နေ့က စတင်ပြေးဆွဲခွင့်ပြုခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးကိုတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထိန်းချုပ်နယ်မြေဖြစ်လို့ ဇွန် ၁ ရက်နေ့ကစ ပြေးဆွဲခွင့်ပြုမှာပါ။ တခြားတိုင်းဒေသကြီးတွေမှာတော့ ယာဉ်လိုင်းတွေ ရပ်နားတာမရှိပေမယ့် မကွေးတိုင်းအတွင်းကို နေရပ်ပြန်တွေ များပြားနိုင်လို့ ရောဂါကာကွယ်နိုင်အောင် အစိုးရကနေ ပန်ကြားချက်ထုတ်ပြန်တဲ့သဘောဖြစ်ပါတယ်။ တိုင်းကျော်ပြန်လည်ပြေးဆွဲခွ့င်ပြုပြီ ဆိုပေမယ့် တခြားတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြရမှာ ဖြစ်တယ်” လို့ ဦးသိန်းဟန်က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်အောင် မော်တော်ယာဥ်ပေါ်မှာ အမှိုက်ခြင်းတခုစီ ထားရှိပြီး နှာခေါင်းစည်း Mask ဝေငှကာ၊ ဟန်းဂျယ်တွေဖျန်းပြီးမှ သွားလာခွင့်ပြုမှာပါ။ ခရီးသည်ကိုလည်း တဝက်သာ တင်ဆောင်ရမှာဖြစ်ပြီး ယာဉ်စီးခနှုန်းထားကို ၁ ဆခွဲ ကောက်ခံဖို့ ခွင့်ပြုထားပါတယ်။ မကွေးတိုင်းအတွင်းမှာ တိုင်းကျော်ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်း ၂၆၄ လိုင်းနဲ့ တိုင်းအတွင်း ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်း ၇၉ လိုင်း၊ စုစုပေါင်း ၃၄၃ လိုင်း ပြေးဆွဲနေတယ်လို့ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနက သိရပါတယ်။ မင်းထီး
1 year Ago

April 13, 2020

မြစ်ကြီးနားက ရပ်နားထားရသည့် မော်တော်ယာဉ်နှင့် မီးရထားဘူတာ မြင်ကွင်းများ

မြစ်ကြီးနားမြို့မှာ အဓိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဖြစ်တဲ့ ‌မီးရထားလိုင်းနဲ့ မော်တော်ကားလိုင်းအများစု ဧပြီလ ၁၀ ရက်နေ့က စပြီး လကုန်ပိုင်းအထိ ရပ်နားထားပါတယ်။ ရပ်နားထားတဲ့ မီးရထားတွဲဆိုင်းတွေကတော့ မနက် ၈ နာရီ ၁၅ မိနစ်မှာ ထွက်တဲ့ အမှတ်-၅၆ အစုန် အထူးအမြန်ရထား၊ မနက် ၁၀ နာရီခွဲမှာ ထွက်တဲ့ လေအိတ်ရထား၊ နေ့လယ် ၁ နာရီခွဲမှာ ထွက်တဲ့ အဲယားကွန်းလေအိတ်ရထား၊ ညနေ ၃ နာရီမှာ ထွက်တဲ့ မြစ်ကြီးနား - မိုးညှင်း RBE ရထား၊ ညနေ ၄ နာရီမှာ ထွက်တဲ့ အမှတ်-၅၈ အစုန် မန္တလာ အထူးအမြန်ရထားနဲ့ မနက် ၄ နာရီ ၄၅ မှာ ထွက်တဲ့ မြစ်ကြီးနား-နဘား လော်ကယ်ရထားတွေ အားလုံး ရပ်နားထားတာ ဖြစ်ပါတယ်။  ခရီးသွားလိုသူတွေ အခက်အခဲမဖြစ်စေဖို့ မြစ်ကြီးနားဘူတာကနေ မနက် ၈ နာရီ ၁၅ မှာ ထွက်တဲ့ အမှတ် ၄၁ အဆန် ၊ ၄၂ အစုန် ဒုတိယအမြန်ရထား တစီးပဲ နေ့စဉ် ပြေးဆွဲပေးမှာပါ။ မြစ်ကြီးနားမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းက ယာဉ်လိုင်းတွေလည်း ရပ်နားထားကြပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာ ပြေးဆွဲဖို့ စာရင်းပေးထားတယ်လို့ မြစ်ကြီးနားခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
1 year Ago
More News
Up